မအူပင်မှာ ဒေသခံ ၁၅ ဦး ဖမ်းဆီးခံရပြီး တစ်ဦး သေဆုံး

RFA Burmese
2024.09.23
မအူပင်မှာ ဒေသခံ ၁၅ ဦး ဖမ်းဆီးခံရပြီး တစ်ဦး သေဆုံး မအူပင်မြို့ကို ၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဥ်။
Facebook/မအူပင်သတင်းပုံရိပ်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် တံတားကြီးရွာမှာ အမျိုးသမီးတွေအပါအဝင် ဒေသခံ ၁၅ ဦးကို စက်တင်ဘာလ တတိယပတ်အတွင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကြောရေးလုပ်စဥ် ဖမ်းဆီးခံထားရသူတွေထဲက လူငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တံတားကြီးရွာထဲမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့ ညပိုင်းမှာ နေအိမ်တစ်အိမ်ကနေ လူငယ်ငါးဦး၊ စက်တင်ဘာ ၁၆ ရက်နေ့မှာ နောက်ထပ် လူငယ်တစ်ဦးနဲ့ သူရဲ့မိခင်ဖြစ်သူတို့ ထပ်မံဖမ်းဆီးခံရတာကြောင့် စုစုပေါင်း ခုနစ်ဦး အရင်ဆုံး ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် စက်တင်ဘာ ၁၇ ရက်နေ့မှာ ဒီလူငယ်တွေ ရောက်နေတာကို သတင်းပို့ဖို့ ပျက်ကွက်တယ်ဆိုပြီး ရာအိမ်မှူးတစ်ဦး၊ ဆယ်အိမ်မှူးလေးဦး၊ စစ်တပ်က လာဖမ်းမဲ့အကြောင်း လူငယ်တွေကို သတင်းကြိုပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးမိသားစုဝင် အမျိုးသမီးသုံးဦး စုစုပေါင်း ရှစ်ဦး ထပ်မံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အဲဒီ ၁၅ ဦးထဲမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး အဓိက ပစ်မှတ်ထား ဖမ်းဆီးခံရတဲ့ လူငယ်ခြောက်ဦးကတော့ အင်းမရွာသား ကိုဆန်းမင်းသိန်း၊ ကိုလှမျိုးအောင်နဲ့ တံတားကြီးရွာက ကိုလင်းထက်အောင်၊ ကိုကျော်မင်းဦး၊ ကိုအောင်အောင်နဲ့ ကိုစိုးမင်းပိုင်တို့ ဖြစ်ပါတယ်။

အဲဒီခြောက်ဦးထဲက ကိုလင်းထက်အောင်ကတော့ စစ်ကြောရေးမှာ သေဆုံးသွားပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သေတဲ့ကောင်လေးက လင်းထက်အောင်ပါ။ ၁၇ ရက်နေ့မှာ သေတာ။ သူ့အိမ်မှာ လက်နက်တွေ မိတယ်လို့လည်း ကြားတယ်”

သူတို့အားလုံးကို မအူပင်ရဲစခန်းမှာ ထိန်းသိမ်းထားတာဖြစ်ပြီး စစ်ကြောရေးကို အဲဒီရဲစခန်းမှာပဲ လုပ်ခဲ့တာလို့ သူက ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံရသူ ၁၅ ဦးထဲက ရာအိမ်မှူးတစ်ဦးသာ ပြန်လည် လွတ်မြောက်လာတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၂၀ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၅,၆၇၅ ဦး သတ်ဖြတ်ခံရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။