မြင်းမူနဲ့ စစ်ကိုင်းမြို့နယ်အစပ်မှာ စစ်တပ်က အင်အားသုံးတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်အစပ်ကို မနေ့က ဇူလိုင်လ ၂၇ ရက်နေ့က စစ်ကောင်စီက စစ်ရဟတ်ယာဉ် ငါးစင်းနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး မူးမန္တလေးရွာမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
သုံးစင်းက စစ်သားတွေချပြီး နှစ်စင်းက ရွာတွေနဲ့ PDF စခန်းရှိမယ်ထင်တဲ့ နေရာတွေကို ပစ်တာ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူးမန္တလေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
“ ရဟတ်ယာဉ်နဲ့ ရုတ်တရက်ရောက်လာပြီး ပစ်တာဆိုတော့ ရွာက ထွက်ပြေးချိန်မရကြတာ များတယ်။ အခုလည်း ရွာက အချင်းချင်း အဆက်အသွယ် ပြတ်နေတယ်။ ထိခိုက် သေဆုံးသူတွေရှိတယ်လို့ ကြားရပေမယ့် ဘာမှအတိကျ မသိရသေးဘူး၊ ဘေးလွတ်ရာ ထွက်ပြေးနေကြတယ်။ စစ်ရဟတ်ယာဉ် ငါးစင်းနဲ့ လာပစ်တာဆိုတော့ ဒေသမှာ တော်တော်ဆိုးတဲ့ ဖြစ်စဉ်ပါပဲ“
စစ်ကောင်စီဟာ မူးမန္တလေးရွာသား ၅၀ လောက်ကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားပြီး သူတို့တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
စစ်ရဟတ်ယာဉ် နှစ်စင်းမှာ တစ်စင်းက ရွာတွေကို ပစ်ခတ်ခဲ့ပြီး တစ်စင်းက လက်နက်ကြီးထုတ်လုပ်ရေး စခန်းတစ်ခုဖြစ်တဲ့ ကျောက်ဖျာကြီး PDF စခန်းကို ပစ်ခတ်ခဲ့တာကြောင့် စခန်းပျက်စီးသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်သား ၅၀ လောက်က စစ်ရဟတ်ယာဉ်နဲ့ လာရောက်ခဲ့တာဖြစ်ပြီး ၁၀၀ ကျော်လောက်ကတော့ စစ်ကိုင်းမြို့ကနေ ကားနဲ့ လာရောက်ခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကိုင်းမြို့နယ်နဲ့ မြင်းမူမြို့နယ်ကြားက ရွာတွေကို စစ်ရဟတ်ယာဉ် ငါးစင်း အသုံးပြုပြီးတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
လတ်တလောမှာတော့ မြင်းမူမြို့နယ်ထဲက မူးမန္တလေး၊ အင်းမ၊ မကျည်းကိုးပင်နဲ့ စစ်ကိုင်းမြို့နယ်ထဲက ညောင်ပင်ရှည်ရွာနဲ့ တလိုင်းကျွန်းရွာက ဒေသခံ ၅၀၀ လောက် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကိုင်းမြို့နယ်နဲ့ မြင်းမူမြို့နယ်အစပ်ကိုရွာတွေကို အခုရောက်ရှိနေတဲ့ စစ်သားတွေက မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်သားတွေနဲ့ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ က စစ်သားတွေ ဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။