မိုးဗြဲမြို့ စစ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

2022.02.20
မိုးဗြဲမြို့ စစ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရ KNDF တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: KNDF -BO9

ရှမ်းပြည်နဲ့ ကယား (ကရင်နီ) နယ်စပ် မိုး‌ဗြဲမြို့မှာ ဖေဖော်ဝါရီ ၂၀ ရက် မနေ့ညက စစ် ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ မိုးဗြဲမြို့နယ် ဒေသကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲ PDF အဖွဲ့က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် မနေ့ကည ၁၂ နာရီ ဝန်းကျင်မှာ မိုးဗြဲဒေသထဲကို လေယာဉ်တစ်စင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာလို့ မိုးဗြဲ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

"လေယာဉ်နဲ့ ဗုံးကြဲတာတော့ အများကြီးကြဲသွားတယ်။ အထိအခိုက်တော့ မရှိဘူး။ ကင်းစောင့်တဲ့ ကောင်လေး တစ်ယောက်လောက်ပဲ ကျောက်ခဲစင်သွားတာ။ အကျအဆုံးတော့ မရှိဘူး"

လေယာဉ်နဲ့ဗုံးကြဲပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးနဲ့ လေးလုံးခန့် ပစ်ခတ်ခဲ့ပေမယ့် မြေပြင်မှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်နီ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတော့ မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

မိုးဗြဲမြို့ပေါ် လေယာဉ်နဲ့ပစ်ခတ်မှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေ ပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၅ ရက်ကစလို့ မိုးဗြဲဒေသကို အင်အား ၂၀၀ ကျော်၊ သံချပ်ကာကား နှစ်စီးနဲ့ ဝင်ရောက်လာရာကနေ ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖေဖော်ဝါရီ ၂၀ ရက် မနေ့ကအထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီငါးရက်တာ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က အယောက် ၅၀ ဝန်းကျင် သေဆုံးခဲ့ပြီး ကရင်နီလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။