ဖာပွန်ခရိုင်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်ရှိနေ

ရဲစည်သူကာ(ဝါရှင်တန်ဒီစီ)
2021.04.27

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် သောလယ်ထာ့ ဒေသမှာ ရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅က ဧပြီလ ၂၇ရက် မနေ့က အရုဏ်တက်ချိန်မှာ ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပါတယ်။ မကြာခင်မှာပဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အဲဒီဒေသမှာ ဒုက္ခသည်အရေး ကူညီပေးနေသူတဦးက RFA ကို ပြောပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းကတည်းက လေကြောင်းတိုက်ခိုက်မှုတွေရှိလာနေလို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေရတဲ့အကြောင်း တိုက်ခိုက်မှုတွေ များလာနေလို့ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာရှိတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ထိန်းချုပ်တဲ့ နေရာတွေကို အာဏာသိမ်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ မနေ့က မွန်းလွဲပိုင်းမှာ လုပ်ခဲ့လို့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ အဲဒီဒေသအတွင်း ဒုက္ခသည်အရေး ကူညီပေးနေတဲ့ ကရင်ငြိမ်းချမ်းရေးကွန်ရက်က ပြောရေးဆိုခွင့်ရှိသူ စောသူးဘီက RFA ကို အတည်ပြုပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ဘယ်လောက်ရှိသလဲဆိုတာတော့ လောလောဆယ် မသိရသေးပါဘူး။ မနေ့က မနက်စောစော အရုဏ်တက်ချိန်တုန်းကတော့ ဖာပွန်ခရိုင် သောလယ်ထာ့ဒေသက စစ်ကောင်စီရဲ့တပ်စခန်းတခုကို KNLA တပ်မဟာ ၅က ဝင်ရောက်စီးနင်းပြီး သိမ်းပိုက်ခဲ့တယ်လို့ စောသူးဘီက ရှင်းပြပါတယ်။

တလတာအပစ်ရပ်မယ်လို့ စစ်ကောင်စီက ကြေညာထားပေမယ့်လည်း လေကြောင်းတိုက်ခိုက်မှုတွေက နိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်မှာရော၊ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာပါ အဆက်မပြတ်ဆိုသလို ရှိနေတာပါ။

မနေ့က ကရင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့တာနဲ့ပတ်သက်ပြီး အခြေအနေတွေကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။

မနေ့က အသိမ်းခံခဲ့ရတဲ့ ကရင်ပြည်နယ်က စစ်ကောင်စီရဲ့တပ်စခန်းမှာ အနည်းဆုံးလူ ၂ဝ လောက် ရှိမယ်လို့ စောသူးဘီက ခန့်မှန်းပါတယ်။ ဒီစခန်းဟာ စစ်ကောင်စီအတွက် အရေးပါတဲ့ သံလွင်မြစ်အနီးက စခန်းတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်း ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ Free Burma Rangers အဖွဲ့ရဲ့ခေါင်းဆောင် David Eubank ကလည်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တာကို အတည်ပြုပြောပါတယ်။

"ဖာပွန်ခရိုင်အတွင်းက နေရာနှစ်ခုကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေမနေ့ကလုပ်ခဲ့တယ်၊ ထိခိုက်ဆုံးရှုံးမှုတွေကိုတော့ မသိရသေးပါဘူး။ ဖာပွန်ခရိုင် ဒါးဂွင်ဒေသက ရွာသူရွာသားတွေထွက်ပြေး တိမ်းရှောင်နေတာတွေကိုတော့ သိပါတယ်။ ကရင်ပြည်နယ်မြောက်ပိုင်းမှာ မြေပြင်တိုက်ပွဲတွေလည်း ဆက်ပြီးဖြစ်နေပါတယ်။ အခုဆိုရင် နေအိမ်စွန့်ခွါထွက်ပြေးနေရတဲ့အရပ်သားပြည်သူပေါင်း ၂သောင်း ခွဲလောက် ရှိနေပါပြီ"

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မတ်လ ၂၇ ရက်နေ့က စပြီးလုပ်လာခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့ဆိုရင် ထိုင်း-မြန်မာနယ်စပ်ကို ကျော်ဖြတ်ခဲ့လို့ ထိုင်းနိုင်ငံ ဘက်က ပြန်ပို့တာတွေလည်း ရှိခဲ့ပါတယ်။ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး အကူအညီတွေလည်း အရေး ပေါ်ဖြေရှင်းနေရပါတယ်။ တိုက်ခိုက်မှုတွေ ဆက်ပြီးပြင်းထန်နေမယ်ဆိုရင် ထပ်တိုးလာမယ့် ဒုက္ခသည် အရေးက စိုးရိမ်ဖို့ကောင်းတယ်လို့ ဒုက္ခသည်အရေးကူညီနေတဲ့ စောသူးဘီကပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNUရဲ့ တပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခပ်စိတ်စိတ် ဖြစ်ပွားနေပါတယ်။ KNU အဖွဲ့ဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပေမယ့်လည်း မြန်မာစစ်တပ်နဲ့ တိုက်ခိုက်မှုတွေက ပြီးခဲ့တဲ့နှစ်ထဲကစပြီး သိသိသာသာ ရှိလာခဲ့တာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း NCA သဘောတူညီချက်က ဘယ်လိုအခြေအနေ ပြောင်းလဲသွားပြီလဲ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။