ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ရွာဘက်မှာ ဇန်နဝါရီ ၂၄ ရက် မနေ့က စစ်ရဟတ်ယာဉ်နဲ့ တစ်နေ့တည်း သုံးကြိမ်ဆက်တိုက် လာရောက်ပစ်ခတ်ခဲ့တယ် လို့ KNDF တပ်ဖွဲ့ ဝင်တွေက ပြောပါတယ်။
စံပြ ၆ မိုင်ကနေ ဟိုဖိတ်နဲ့ ၅ မြောင်းဘက်အထိ တိုက်ပွဲတစ်နေကုန်ဖြစ်ပြီး ညနေ ၅ နာရီလောက်မှာ စစ်ရဟတ်ယာဉ်တွေနဲ့ တစ်နာရီနီးပါးကြာအထိ သုံးကြိမ် ပစ်ခတ် ခဲ့တယ်လို့ KNDF ဗဟိုကော်မတီဝင် ကိုသိုက်က RFA ကို ပြောပါတယ်။
“သူတို့ဟတ်စကီးနဲ့ ပစ်ခတ်တာရှိတယ်။ ဟတ်စကီးနဲ့ တစ်နာရီလောက် ခေါင်းပေါ်မှာ ဝဲပြီးတော့ ပစ်လိုက် ဝဲနေလိုက် ပစ်လိုက် ဆိုပြီး လုပ်သွားတာရှိပါတယ်”
စစ်ကောင်စီတပ်တွေနဲ့ ကရင်နီလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီ ၂၄ ရက်က တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့က ထိခိုက်ကျဆုံးမှုများပြားခဲ့ရာ အရေအတွက် အတည်မပြုနိုင်သေးသလို KNDF ဘက်က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ဆိုပါတယ်။
ဒီးမော့ဆို နဲ့ လွိုင်ကော်မြို့နယ်ထဲ စစ်ကောင်စီနဲ့ ကရင်နီလက်နက်ကိုင် မဟာမိတ်တပ်တွေ တိုက်ပွဲ ပြင်းထန်နေတာ ဇန်နဝါရီ ၂၀ ရက်ကတည်းက ငါးရက်ဆက်တိုက်ရှိနေပြီး အဲဒီ ဒေသမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။
ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ကျေးရွာအုပ်စုက ဒေသခံတွေကတော့ ပြီးခဲ့တဲ့နှစ် မေလက တိုက်ပွဲတွေစတင်ချိန်ကတည်းက စစ်ဘေးရှောင်ထားကြပြီးဖြစ်ပေမယ့် ရိက္ခာပြတ်လပ်တဲ့ အချိန် ကိုယ့်အိမ်ပြန်လာကြတဲ့သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခံနေ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စံပြ ၆ မိုင်ကျေးရွာအတွင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ PDF အဖွဲ့တွေကို စစ်တပ်က ချေမှုန်းရာမှာ လူနေအဆောက်အအုံ၊ အစိုးရအဆောက်အအုံတွေနဲ့ ဘာသာရေး အဆောက်အအုံတွေကို အကာအကွယ်ယူပြီးတိုက်တာ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ဇန်နဝါရီ ၂၁ ရက်က စစ်ကောင်စီဘက်က စွပ်စွဲ ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားတွေကို စစ်တပ်ယူနီဖောင်းဝတ်ခိုင်းပြီး လမ်းပြ ခေါ်ပြီး လူသားဒိုင်းအဖြစ်သုံးတာ၊ အိမ်တွေ မီးရှို့ဖျက်ဆီးနေတယ်လို့ KNDF ဘက်က ပြန်ပြီး ထုတ်ပြန်ထားပါတယ်။
လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့ပေါ်က ဒေသခံအများစုကတော့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ တောတောင်တွေထဲ ဘေးလွှတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကရင်နီ လူ့အခွင့် အရေးအဖွဲ့က ပြုစုထားတဲ့ စာရင်းအရ တစ်သိန်းခုနှစ်သောင်းအထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။