လေကြောင်းကနေ တိုက်ခိုက်ခံရလို့ ယင်းမာပင်မှာ ရွာခံ ၅ဝဝဝ ဝန်းကျင်ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ချင်းပုန်းရွာအနီးကို ဖေဖော်ဝါရီ ၂၆ ရက် ဒီနေ့ မနက်က စစ်ကောင်စီက ရဟတ်ယာဉ်လေးစီးနဲ့ ဝင်ရောက်ပစ်ခတ်လို့ ရွာပေါင်း ၆ ရွာက ဒေသခံ ၅ဝဝဝ ဝန်းကျင် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
"လေယာဉ်တွေနဲ့ ဝိုင်းထားတော့ ချင်းပုန်းရွာကသူတွေလွတ်၊ မလွတ် မသိရသေးဘူး“
ယင်းမာပင်မြို့နယ် ချင်းပုန်းရွာမှာ ဖေဖော်ဝါရီ ၂၆ ရက် ဒီနေ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုက စစ် သင်တန်းဆင်းပွဲရှိနေတာကို စစ်ကောင်စီဘက်က သတင်းရလို့ အခုလို ပစ်ခတ် တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကပိုင် ကျေးရွာက ဒေသခံတစ်ယောက်က ပြောပါတယ်။
“ချင်းပုန်းမှာက PDF သင်တန်းအပ်ပွဲရှိတယ်။ အဲဒါ သတင်းပေါက်လို့များ လာကြဲတာ လားမသိဘူး၊ ညောင်ကိုင်း၊ ချင်းပုန်းနားတစ်ဝိုက် လာကြဲတာမြင်နေရတာ၊ လေယာဉ် တွေ ပတ်မောင်းနေတာ၊ ချင်းပုန်းရွာက အိမ်လေးလုံးလောက် မီးလောင်သွားတယ်။ လေယာဉ်နဲ့ စစ်သားတွေ ချထားခဲ့တယ်၊ လိုက်ပစ်နေတော့ PDF ထဲက သင်တန်းဆရာ တစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ထိထားတယ်လို့ ကြားတယ်“
ချင်းပုန်းရွာအနီးတစ်ဝိုက်မှာ အရင်က စစ်ကောင်စီရဟတ်ယာဉ်တွေ ပျံဝဲလေ့ရှိပေမယ့် အခုလို ပစ်ခတ်တာကတော့ ဒါပထမဆုံးအကြိမ်ပဲလို့ ဆိုပါတယ်။
ညောင်ကိုင်းရွာသား တစ်ယောက်ကတော့ စစ်ရဟတ်ယာဉ်လေးစီးနဲ့ ချင်းပုန်းရွာကို ဦးတည်ပြီး ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
“လေယာဉ်နဲ့ကြဲတာ ဟုတ်တယ်၊ ပုလဲဘက်ကို ပစ္စည်းပို့သွားတဲ့အချိန် လေယာဉ်တွေ့လို့ ရပ်နေသေးတယ်၊ ခဏနေတာ့ ချင်းပုန်းရွာဘက် ပစ်ခံရတယ်။ ရဟတ်ယာဉ်လေးစင်းနဲ့ လာတာဖြစ်ပြီး နောက်ထပ်လည်း လာနေတယ်လို့ ကြားနေတယ်။ စစ်သားတွေ ချသွား တယ်။ ဘေးပတ်လည်ရွာတွေ ရှောင်နေရတယ်။ လေယာဉ်တွေနဲ့ ဝိုင်းထားတော့ ချင်းပုန်းရွာကသူတွေလွတ်၊ မလွတ် မသိရသေးဘူး“
ချင်းပုန်းရွာထဲကလူတွေ ထိခိုက်မှုအခြေအနေတွေကို မသိရသေးသလို လတ်တလော မှာတော့ စစ်ကောင်စီ တပ်သားတွေဟာ ချင်းပုန်းရွာမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
ချင်းပုန်းရွာနဲ့ တစ်မိုင်ပတ်ချာလည်လောက်သာဝေးတဲ့ သမင်စပ်၊ တာ၀၊ ညောင်ပင်သာ၊ သပြေအေး၊ ညောင်ကိုင်း စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ နီးစပ်ရာရွာတွေ၊ တောတွေထဲနဲ့ ဘုန်းကြီးကျောင်းတွေမှာ ရှောင်တိမ်းနေကြတယ်လို့ ဆိုပါတယ်။
စစ်ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးခဲ့သလို လူထိခိုက် ဒဏ်ရာရတာ၊ သေဆုံးတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောကြပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ရဟတ်ယာဉ်လေးစီးမှာ နှစ်စီးက နာရီဝက်လောက်ကြာအောင် ပျံဝဲပစ်ခတ်ခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ရိုးမဖိုက်တာ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
“မနက် ၉ နာရီခွဲလောက်က လေယာဉ်လေးစင်းလောက်နဲ့ ဝင်လာပြီးပစ်တယ်။ ချင်းပုန်း ရွာဘက်က မီးရှို့ခံရတာများ ရှိမလားမသိဘူး၊ မီးခိုးလုံးတွေ တက်လာနေတယ်။ လူ အသေပျောက်တွေကတော့ မကြားရသေးဘူး၊ စစ်သားတွေ မသေမချင်းတော့ ဒါမျိုးလုပ် နေမှာပဲ၊ ပြည်သူတွေက ကိုယ့်ပိုက်ဆံနဲ့ကို ပြန်ပြီးခံနေရသလိုဖြစ်နေတာ“
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ သင်တန်းဆင်းပွဲရှိတဲ့အတွက် ကာကွယ်ရေးခေါင်းဆောင် အချို့လည်း အဲဒီနေရာကို ရောက်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီဒေသဟာ အင်တာနက်ဖြတ်တောက်ခံထားရတာ ခြောက်လခန့် ရှိနေပြီဖြစ်ပါတယ်။
စစ်ရဟတ်ယာဉ်အသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့အခြေနေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ် PDF တွေ တိုက်ပွဲဖြစ် နေလို့ ဖေဖော်ဝါရီ ၂၆ ရက် ဒီနေ့ကစပြီး မုံရွာ-ယာကြီး လမ်းပိုင်းကို ဒေသခံတွေ အသုံးမပြု ကြဖို့လည်း ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုက သတိပေးထားပါတယ်။
ကျန်းမာရေးအရ အရေးပေါ်ကိစ္စရှိမှသာ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အသိပေးကြ ပြီးမှသာ ဖြတ်သန်းသွားလာကြဖို့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။
ခုလိုကန့်သတ်ထားတဲ့ကာလအတွင်း ဖြတ်သန်းသွားလာမယ်ဆိုရင် စစ်ရေးတင်းမာနေတဲ့ ဒေသအတွင်း အချိန်မရွေး တိုက်ပွဲတွေဖြစ်လာနိုင်တာမို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အတွက် လုံခြုံရေးအာမခံချက် ပေးနိုင်မှာမဟုတ်ကြောင်းလည်း ပါရှိပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်ပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ လေကြောင်းကနေ ၃၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး အရပ်သား ၃၈၆ဝဝ ထက်မနည်း နေရပ်စွန့်ခွာထွက် ပြေးကြရတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ ISP က ဖေဖော် ဝါရီ ၂ ရက်က ထုတ်ပြန်ထားပါတယ်။