နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်ရတဲ့ အကြောင်းရင်း စစ်ကောင်စီပြော

RFA Burmese
2024.09.27
နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်ရတဲ့ အကြောင်းရင်း စစ်ကောင်စီပြော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်အရာရှိများကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။
Myanmar Military

နိုင်ငံတကာပြိုင်ဆိုင်မှုတွေကြားမှာ ပြည်တွင်း စည်းလုံးညီညွတ်မှုမရှိရင် နိုင်ငံပါပျောက်သွားတဲ့အထိ အန္တရာယ်ကြီးမားတာကြောင့် ပြည်တွင်းညီညွတ်မှုကို ရှေးရှုပြီး နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာလို့ စစ်ကောင်စီက စက်တင်ဘာလ ၂၇ ရက်နေ့ညမှာ ပြောလိုက်ပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို နိုင်ငံရေးဆွေးနွေးဖို့ စက်တင်ဘာလ ၂၆ ရက်နေ့က ဖိတ်ခေါ်တဲ့ကြေညာချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ထိန်းချုပ်ထားတဲ့ မီဒီယာတွေကတစ်ဆင့် ပြောဆိုတာဖြစ်ပါတယ်။

“ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများရဲ့ ပိုမိုများပြား ပြင်းထန်လာတာကို တွေ့ရပါမယ်၊ ရုရှား ယူကရိန်းကိစ္စ၊ အရှေ့အလယ်ပိုင်းကိစ္စနဲ့ တောင်တရုတ်ပင်လယ်ကိစ္စတွေဟာ ထင်ရှားတဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်၊ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ နိုင်ငံလို နိုင်ငံငယ်တွေအနေနဲ့ ပြည်တွင်း စည်းလုံးညွတ်မှု ခိုင်မာဖို့ လိုအပ်ပါတယ်၊ ပြည်တွင်းစည်းလုံးညီညွတ်မှု ယိုင်နဲ့နေရင် နိုင်ငံတကာပြိုင်ဆိုင်မှုတွေအကြားမှာ နိုင်ငံပါပျောက်သွားနိုင်တဲ့အထိ အန္တရာယ်ကြီးမားလှပါတယ်၊ ဒါ့ကြောင့် ပြည်တွင်းညီညွတ်မှုကို ဦးတည်ပြီး ဒီကြေညာချက် ထွက်ပေါ်လာရခြင်း ဖြစ်ပါတယ်”

နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်ရတဲ့အကြောင်းရင်းထဲမှာ ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားနိုင်ဖို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ စတင်နေပြီး နိုင်ငံသူ နိုင်ငံသားတိုင်း နေရာဒေသမရွေး လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ဖို့အတွက် အရေးကြီးတဲ့ လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်တယ်လို့ ပြောခဲ့ပါတယ်။

ဒါအပြင် နိုင်ငံမှာ ရေကြီးရေလျှံမှုနဲ့ သဘာဝဘေးဒဏ်တွေ အဆိုးဆုံးခံနေရပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တည်ငြိမ်အေးချမ်းရေး လိုအပ်တာကြောင့် ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာရပ်ခံတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တိုင်းပြည်တည်ငြိမ်းအေးချမ်းရေးကိုလိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ဆန္ဒသဘောထားတွေကြောင့်လည်း ဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေက လက်မခံဘဲ ငြင်းဆိုထားကြပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေနဲ့ NUG လက်အောက်ခံမဟုတ်တဲ့ PDF တပ်ဖွဲ့တွေကို စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာဟာ ပထမဆုံးဖြစ်ပြီး အရင်က အဲဒီအဖွဲ့အစည်းတွေကို အသိအမှတ်မပြုကြောင်းနဲ့ အမြစ်ဖြတ်ချေမှုန်းမယ်လို့ စစ်ခေါင်းဆောင်က မကြာခဏ ပြောဆိုထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။