ဒီမို ပြောင်းလဲရေး ထောက်ခံ၊ လူ့အခွင့်ရေးချိုးဖောက်မှု အရေးယူရန် မြန်မာကို အမေရိကန် ပြောကြား


2018.09.28
mike-ponpeo-622.jpg အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Ponpeo ကို တွေ့ရစဉ်
Photo: ROD LAMKEY / GETTY IMAGES NORTH AMERICA / AFP

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Ponpeo မိုက် ပွန်ပေးယိုက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းရေး၊ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက်ပံ့ပိုးကူညီမှာဖြစ်ကြောင်း အလေးအနက်ပြောကြားရင်းနဲ့ တပြိုင်နက်မှာ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိကျခိုင်မာစွာ အရေးယူဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ စက်တင်ဘာ ၂၇ ရက်နေ့က နယူးယောက်မြို့ အထွေထွေညီလာခံ တက်ရောက်စဉ်အတွင်း ညီလာခံပြင်ပ တွေ့ဆုံရာမှာ ဝန်ကြီး ပွန်ပေးယိုက အခုလို ပြောကြားခဲ့တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သောကြာနေ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရနဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာအစိုးရအနေနဲ့ ခိုင်ခိုင်မာမာ စုံစမ်းစစ်ဆေးဖို့ပြောကြားခဲ့သလို လူ့အခွင့်အရေးချိုးဖောက်ခဲ့သူတွေနဲ့ တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ တာဝန်ခံမှုရှိစွာ အရေးယူအပြစ်ပေးဖို့လည်း ဝန်ကြီး မိုက် ပွန်ပေးယိုက တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒသဘောထား ဖော်ထုတ်ခွင့်တွေကို အကာအကွယ်ပေးပြီး ပိုမိုအားကောင်းမောင်းသန်ဖြစ်လာအောင် ဆောင်ရွက်ဖို့နဲ့ ထောင်ဒဏ်ကျခံနေရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို မြန်မာအစိုးရအနေနဲ့ အမြန်ဆုံးလွှတ်ပေးဖို့လည်း နိုင်ငံခြားရေးဝန်ကြီး Mike Ponpeo မိုက် ပွန်ပေးယို က နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ တွေ့ဆုံရာမှာ တောင်းဆိုပြောကြားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ စက်တင်ဘာ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။