ထိုင်းငါးဖမ်းပိုက်စက်ရုံမှ မြန်မာများ သုံးရက်မြောက် ဆန္ဒပြနေဆဲ

ယာယီ နိုင်ငံကူးလက်မှတ်တွေ ပြန်ထုတ်ပေးဖို့ စက်တင်ဘာ ၈ ရက်နေ့ကစပြီး ထိုင်း-လာအိုနယ်စပ်နားက ခေါန်ကန်မြို့ ထိုင်းငါးဖမ်းပိုက် စက်ရုံမှာ ဆန္ဒပြနေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ စက်တင်ဘာ ၁၀ ရက် ဒီကနေ့အချိန်ထိ ၃ ရက်ကြာ ဆက်လက် ဆန္ဒပြနေဆဲ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

2010.09.10
migrant_strike_thai_305_z.jpg ထိုင်းနိုင်ငံ ခေါန်ကန်မြို့ ထိုင်းငါးဖမ်းပိုက် စက်ရုံမှာ စက်တင်ဘာ ၈ ရက်မှ ၁၄ ရက်ထိ ဆန္ဒပြနေကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ပါသည်။ (Photo: Map Foundation based in Thailand)
(Photo: Map Foundation based in Thailand)

မြန်မာအလုပ်သမား ၆ ဦးကို အလုပ်ထုတ်လိုက်ရာက ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။

ဆန္ဒပြရာမှာ ပါဝင်တဲ့ စောကပေါ်ဆေးက နောက်ဆုံးအခြေအနေကို အခုလို ရှင်းပြပါတယ်။

“အလုပ်ထုတ်လိုက်တဲ့လူကို သူတို့က အဲဒီ ပတ်စပို့ပဲ ပေးတယ်၊ လျော်ကြေး မပေးပါဘူးခင်ဗျာ။ အခုထက်ထိတော့ သူတို့ ထွက်မသွားသေးပါဘူးခင်ဗျာ။ ဘာလို့ ထွက်မသွားသေးလဲဆိုတော့ သူတို့ လက်ထဲမှာ ရောက်နေတဲ့ ယာယီ ပတ်စပို့က လုံးဝ အစစ်အမှန် မဟုတ်တော့တဲ့အတွက် သူတို့ မသွားရဲပါဘူးခင်ဗျ။ အဲဒီအကြောင်းကြောင့် သူတို့ ဆက်ပြီး နစ်နာကြေးတွေ တောင်းနေပါတယ်ခင်ဗျာ။ ဒါပေမဲ့ သူတို့ဖက်က ဘာမှ တုံ့ပြန်မှု မရှိသေးပါဘူး။ ကျွန်တော်တို့ လှုပ်ရှားမှု အခုချိန်ထိ သုံးရက်ရှိနေပါပြီခင်ဗျာ။”

အလုပ်အထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေရဲ့ ယာယီနိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ်တွေကို အလုပ်ရှင်က ပြန်ပေးချိန်မှာ အဲဒီ ပတ်စ်ပို့စာအုပ် သက်တမ်းကုန်ဆုံးမဲ့ ရက်စွဲ ပျက်ပြယ်သွားအောင် ထိုင်းအလုပ်ရှင်က မင်နဲ့ ရေးခြစ်ထားတာကြောင့် ကျန်တဲ့မြန်မာအလုပ်သမားတွေ သူတို့ရဲ့ ယာယီ နိုင်ငံကူးလက်မှတ်နဲ့ ပတ်သက်ပြီး စိုးရိမ်လာရာက အခုလို ဆက်တိုက် ဆန္ဒပြ တောင်းဆိုနေခြင်း ဖြစ်ကြောင်း အလုပ်သမားတွေက RFA ကို ပြောပါတယ်။

မနေ့တုန်းကတော့ ထိုင်းနိုင်ငံ အလုပ်သမားအရေး ကာကွယ်စောင့်ရှောက်မှုနဲ့ လူမှုဖူလုံရေးဌာန တာဝန်ရှိသူ မစ္စတာ ဝမ်ပေါ့က အလုပ်သမားတွေကို လာရောက် တွေ့ဆုံမေးမြန်းမှုတွေ ရှိခဲ့ပါတယ်။ မစ္စတာ ဝမ်ပေါ့ကို RFA က ဆက်သွယ် မေးမြန်းရာမှာတော့ မြန်မာအလုပ်သမားတွေဟာ ထိုင်း လဝက အာဏာပိုင်တွေကို ရက် ၉၀ အတွင်း တခါ အကြောင်းကြားနိုင်ဖို့ သူတို့ရဲ့ ယာယီနိုင်ငံကူး လက်မှတ်တွေကို ပြန်လိုချင်နေကြကြောင်း ၊ အလုပ်အထုတ်ခံရသူတွေဟာ အလုပ်ကို ပုံမှန်မဆင်းတာကြောင့် အလုပ်ရှင်က အလုပ်ထုတ်ခဲ့တာဖြစ်ကြောင်း၊ မြန်မာအလုပ်သမားတွေဟာ အဲဒီစက်ရုံမှာ ထိုင်းအလုပ်သမားတွေ နည်းတူ တနေ့လုပ်ခ ထိုင်းဘတ်ငွေ ၁၅၇ ဘတ်စီ ပေးကြောင်း ၊ ဆန္ဒပြသူဦးရေဟာ ၁၀ဝ လောက်သာ ရှိကြောင်း စသဖြင့် ဖြေကြားခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေကို RFA က ဆက်သွယ် မေးမြန်းချက်အရ ထိုင်းအလုပ်သမားတွေကို လုပ်ခ တနေ့ ထိုင်းဘတ်ငွေ ၂၀ဝ ကျော်ပေးပြီး ၊ မြန်မာတွေကိုတော့ အချိန်ပိုကြေး အပါအဝင် ဘတ် ၁၇၀ သာ ပေးကြောင်း ၊ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၆ ဦးထဲက တချို့ဟာ အကြောင်းမဲ့ အလုပ်ထုတ်ခံရကြောင်း ၊ အခု အချိန်အထိ ဆန္ဒပြနေသူဦးရေ ၅၀ဝ ဝန်းကျင် ရှိနေဆဲဖြစ်ကြောင်း ပြောဆိုပါတယ်။

မြန်မာအလုပ်သမားတွေ ဆန္ဒပြနေတဲ့ နောက်ဆုံး အခြေအနေ သိရအောင် ဆန္ဒပြနေသူတဦးကို RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ် ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။