ရခိုင်အရေး အစိုးရပိုင်မီဒီယာတွေမှာ ဖော်ပြချက် လိုအပ်ချက်တွေရှိတယ်လို့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြ
2018.09.28

မြန်မာအစိုးရပိုင် မီဒီယာတွေဟာ ရခိုင်ပဋိပက္ခဖြစ်စဉ်နဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်ကိစ္စလို သတင်း မျိုးတွေမှာ အစိုးရအမြင်ကိုသာဖော်ပြပြီး ပုဂ္ဂကလိကပိုင်မီဒီယာနဲ့ နိုင်ငံတကာမီဒီယာတွေလောက် ရှုထောင့်စုံက ဖော်ပြခြင်းမရှိခဲ့ဘူးလို့ မြန်မာဒီမိုကရေစီသိပ္ပံလို့ တိုက်ရိုက်အဓိပ္ပာယ်ရတဲ့ MID က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ဒီကနေ့ထုတ်ပြန်တဲ့ မြန်မာနိုင်ငံက သတင်းမီဒီယာတွေ ဖော်ပြထားတဲ့ နိုင်ငံရေးနဲ့ လူမှုရေးစုံလင်ကွဲပြားမှုအပေါ် MID ကသုတေသနာလုပ်ပြီး မီဒီယာစောင့်ကြည့်လေ့လာမှု အစီရင်ခံအစာအဖြစ် အခုလို ထုတ်ပြန်ရာမှာ ဖော်ပြထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာအများစုဟာ အစိုးရရဲ့သတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပေးနေဆဲဖြစ်တယ်လို့ သုတေသနပြုလုပ်ခဲ့သူ တစ်ဦးဖြစ်တဲ့ (MID)အဖွဲ့ဝင် ကိုမျိုးမင်းဇော်က ပြောပါတယ်။
"ဒီကာလအတွင်းမှာဖြစ်သွားတဲ့ ဥပမာ ခရိုင်အခြေအနေရော၊ သတင်းထောက် နှစ်ယောက်ကိစ္စရော၊ တင်ဆက်တဲ့အခါမှာ အထူးသဖြင့်ပေါ့နော် အစိုးရဘက်မီဒီယာတွေဆိုရင် အစိုးရဘက်ကအမြင်ကိုပဲ အသားပေးဖော်ပြတာကို တွေ့ရတယ်ပေါ့နော်၊ တခြားရှုထောင့်စုံကနေတင်ပြတဲ့ တင်ပြချက်တွေကို ကျနော်တို့ သိပ်မတွေ့ရဘူး၊ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတချို့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပိုပြီးရှုထောင့်စုံ ပိုပြီးတော့ ဝေဖန်တဲ့သဘောဆောင်တဲ့ တင်ဆက်မှုတွေကို ပုဂ္ဂိလပိုင်သတင်းစာတွေ မီဒီယာတွေမှာ ကျနော်တို့ ပိုပြီးတော့တွေ့ရတယ်၊ မီဒီယာအများစုကတော့ အစိုးရနဲ့ပတ်သက်တဲ့သတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးနေတာဖြစ်တယ်ပေါ့နော်၊ ၂၀၁၇ နဲ့အစောပိုင်းကာလတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို သတင်းဖော်ပြတင်ဆက်မှု နည်းလာသလိုပဲ သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ စတဲ့ထင်ရှားတဲ့ နိုင်ငံရေးသမားများအကြောင်းကို ပိုပြီးတော့ စိတ်ဝင်တ စားဖော်ပြနေတာကို တွေ့ရှိရတယ်"
သတင်းဖော်ပြခံရမှုများတဲ့ ကဏ္ဍတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ၊ တပ်မတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့သတင်းတွေနဲ့ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာကိစ္စတို့ဖြစ်တယ်လို့ ပါဝင်ပါတယ်။
Myanamr (MID)အနေနဲ့ အဲဒီသုတေသန အစီရင်ခံစာကို ဆလိုဗားကီးယားနိုင်ငံက သတင်းမီဒီယာ စောင့်ကြည့်လေ့လာရေးအဖွဲ့ (MEMO 98)နဲ့ ပူးပေါင်းပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၈ ခုနှစ် မေလအထိ အစိုးရပိုင်ရုပ်သံ၊ သတင်းစာနဲ့ ရေဒီယို၊ ပုဂ္ဂိလပိုင်သတင်းစာ၊ ရုပ်သံနဲ့ နိုင်ငံခြားမီဒီယာ စုစုပေါင်း ၁၂ ခုကို သုတေသနလုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ အစိုးရဌာနဆိုင်ရာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာအဖွဲ့အစည်းတွေနဲ့ သတင်းသမားတွေပါဝင်တဲ့ ဆွေးနွေးပွဲကိုပါ ပြုလုပ်ခဲ့ပါတယ်။