မွန်ညီညွတ်ရေးပါတီ MUPက အမျိုးသားလွှတ်တော်အမတ်လောင်း မိဝေသီဖြိုးဟာ ဘုရားသုံးဆူမြို့နားက ရွာသစ်မှာ မနေ့ညနေပိုင်းက လုပ်ကြံခံရလို့ သေဆုံးခဲ့တယ်လို့ မွန်သတင်းအေဂျင်စီက ဖေါ်ပြပါတယ်။
ရှေ့နေတစ်ဦးဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် လွှတ်တော်အမတ်လောင်း မိဝေသီဖြိုးဟာ အမည်မသိ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် ရတဲ့ဒဏ်ရာနဲ့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့ မွန်ညီညွတ်ရေး ပါတီဝင်တစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မွန်သတင်းအေဂျင်စီက ဖေါ်ပြပါတယ်။
မိဝေသီဖြိုးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ကြံသတ်ဖြတ်လို့ မွန်ဒေသအတွင်း ပထမဆုံးသေဆုံးရတဲ့ အမျိုးသမီးနိုင်ငံရေးသမားတစ်ဦးဖြစ်ပါတယ်။ ကားမောင်းလာတဲ့ မိဝေသီဖြိုးကို ဆိုင်ကယ်မောင်းလာတဲ့ သေနပ်သမားက အနီးကပ်ပစ်ခတ်ခဲ့တာဖြစ်ပြီး ရင်ဘတ်၊ ခြေထောက်နဲ့ လက်မောင်းတွေမှာ တချက်စီ ပစ်ခံခဲ့ရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရတယ်လို့ ဆရာဝန် ဆေးစစ်ချက်ကို ကိုးကားပြီး မွန်သတင်း အေဂျင်စီက ဖေါ်ပြပါတယ်။
မိဝေသီဖြိုးဟာ လူမှုကူညီရေး ပရဟိတလုပ်ငန်းတွေကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူတဦးဖြစ်ပြီး မွန်ဒေသအတွင်း ပညာရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ဖို့ ရည်ရွယ်ထားသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ကနေ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီကိုယ်စားလှယ်ကို မဲအနည်းငယ်နဲ့ကပ်ပြီး ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။
အခုလုပ်ကြံမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ အစည်းကမှ သူတို့ရဲ့လက်ချက်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုတာ မရှိသေးပါဘူး။
ဘုရားသုံးဆူမြို့မှာ ပြီးခဲ့တဲ့မေလလယ်တုန်းကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အမည်မသိသေနတ် သမားရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ပါသေးတယ်။