လူ့အခွင့်အရေးကော် မရှင် ပြန်လည်ဖွဲ့စည်း ဖို့ တောင်းဆို
2016.07.28

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းဖို့ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး က တောင်းဆိုလိုက်ပါတယ်။
နိုင်ငံသားတွေ အမှန်တကယ် နစ်နာရတဲ့ နေအိမ်တွေ ဖျက်ဆီးခံရတဲ့ကိစ္စ၊ လယ်ယာမြေတွေ သိမ်းဆည်းခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းထားတာ မတွေ့ရတဲ့ အတွက် ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းသင့်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး က ဆွေးနွေးပါတယ်။
"နိုင်ငံသားပိုင်တဲ့ အိမ်တွေ ပစ္စည်းတွေ လူတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ အချက်တွေနဲ့လည်း မကိုက်ညီတဲ့ အပေါ်မှာ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဘာမှတင်ပြထားတာမရှိပါဘူး၊ လယ်သမားတွေအတွက် တရားစွဲခွင့် အခွင့်အရေး မပြဌာန်းထားဘဲနဲ့ မြေရတဲ့လူတွေဘက် တစ်ဖက်သတ် တရားစွဲခွင့်ပြဌာန်းထားတဲ့ဟာမျိုးတွေနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှတင်ပြထားတာမရှိပါဘူး၊ ဒါကြောင့် ဒီကော်မရှင်လူကြီးတွေအားလုံးကို အတွေး သစ် အမြင်သစ်ရှိတဲ့လူတွေနဲ့ ကော်မရှင်တစ်ခုလုံးကို ပြောင်းလဲပစ်လို့ အရေးတကြီးလိုအပ်ပါတယ်လို့ ကျနော့် အနေနဲ့ လေးစားစွာ အကြံပြုတင်ပြလိုပါတယ်"
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့် အရေးကော်မရှင်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာကို ဒီကနေ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြတာပါ။
လွှတ်တော်ကိုယ်စားလှယ်တွေက အကျဉ်းထောင်တွေမှာ အကျဉ်းသားဦးရေများတဲ့ကိစ္စ၊ လူ့အခွင့်အရေးဆိုင်ရာ သင်တန်းပေးတာ လိုအပ်ချက်တွေ၊ လူ့အခွင့်အရေးကော်မရှင်ပြန်ဖွဲ့ဖို့ အပါအဝင် အစီရင်ခံစာပါအချက်တွေ ကို ထောက်ပြဆွေးနွေးကြပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးအပြီးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမရ က ပြန်လည်ဆွေးနွေးရာမှာ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေဟာ အကြံပြုပိုင်ခွင့်ပဲရှိတယ်လို့ ပြောပါတယ်။