မီတာ ၄ မျိုးစနစ် ဧပြီမှာ စတင်မည်

မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မသုံးစွဲရသေးတဲ့ လူဦးရေ သန်း ၃၀ အတွက် ရည်ရွယ်ပြီး မီတာ ၄ မျိုးစနစ်ကို လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး အကောင်အထည်ဖော်သွားမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒီကနေ့ ပြောလိုက်ပါတယ်။

မီတာ ၄ မျိုးစနစ်က လျှပ်စစ်မီး မသုံးစွဲနိုင်သေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်တယ်လို့ နေပြည်တော် မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဦးဝင်းခိုင် က ပြောပါတယ်။

"4 Meter System ဒါကိုလည်း ကျနော်တို့ ဧပြီလ ၁ ရက်နေ့မှာ စပြီးတော့ အကောင်အထည်ဖော်မယ်၊ ကျနော် တို့တိုင်းပြည်မှာ လျှပ်စစ်ကို စပြီးသုံးမယ့်သူတွေက ၆၀ ရာခိုင်နှုန်း ကျန်ပါသေးတယ်၊ ဒါကိုမေ့လို့မရပါဘူး၊ စရတဲ့ အခါမှာ ဘာမှမလုပ်ဘဲနဲ့ အရင်အတိုင်း သွားသွားဆိုရင်တော့ အင်မတန်မှ ဈေးကြီးပြီးတော့ မလိုလားအပ်တဲ့ မီတာတွေနဲ့ သူတို့ထိပ်တိုက်တွေ့တော့မှာပါ၊ ဒါကို ကျနော် ပြန်သုံးသပ်တဲ့အခါမှာ ကျေးလက်မှာ ဒီလောက် မီတာကြီး မလိုပါဘူး၊ သူတို့သုံးမယ့် အနေအထားနဲ့ ကျနော်တို့တွက်ပြီးပါပြီ၊ ၅၀ ယူနစ်သုံးတဲ့သူ အများစုပါ၊ ဒီ ၅၀ ယူနစ်ပဲ သုံးတဲ့လူကို ယူနစ် ၁၀၀ တို့ ၂၀၀ တို့ ၃၀၀ တို့ ၄၀၀ တို့ ၅၀၀ တို့ သုံးတဲ့သူတွေနဲ့ မီတာ တစ်မျိုးတစ်စား တည်းပေးတာ လုံးဝတရာမျှတမှု မရှိပါဘူး၊ ကျနော်တို့အစိုးရဆိုတာ ပြည်သူလူထုဘက် ကကြည့်တာပါ၊ ဒါကြောင့် ကျနော်တို့ 4 Meter System လုပ်မယ်"

မီတာ ၄ မျိုး စနစ်မှာ ကျေးလက်ဒေသတွေအတွက် မီတာ၊ မြို့ငယ်လေးတွေအတွက် မီတာ၊ ပုံမှန်မီတာနဲ့ လုပ်ငန်း သုံး မီတာဆိုပြီး ပါဝင်မှာ ဖြစ်ပါတယ်။ မီတာ ၄ မျိုးထဲမှာ ကြိုက်နှစ်သက်တဲ့စနစ်ကို ရွေးချယ်သုံးစွဲနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ မီတာတစ်မျိုးတည်းသုံးတဲ့ စနစ်ကြောင့် လိုအပ်တဲ့နေရာမှာ ပြဿနာမရှိပေမယ့် မလိုတဲ့နေရာတွေမှာ ငွေကြေးကုန်ကျမှုတွေ ဖြစ်နေတယ်လို့ ဝန်ကြီးက ပြောပါတယ်။

မီတာတစ်လုံးကို ငွေကျပ် ၄ သောင်းခွဲနဲ့ တပ်ဆင်နိုင်မှာဖြစ်ပြီး နေထိုင်တဲ့ နေရာတွေအလိုက် မီတာသွယ်တန်းခတွေ ကျသင့်မှာ ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ တစ်ရက်ကို လျှပ်စစ်ဓာတ် ၃၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တာဖြစ်ပြီး နောက် ၃ နှစ်မှာ တစ်ရက် ကို မဂ္ဂါဝပ် ၆၀၀၀ ထုတ်လုပ်သွားနိုင်ဖို့ ကြိုးစားနေတယ်လို့ ဝန်ကြီး ဦးဝင်းခိုင် က ပြောပါတယ်။

လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ လူဦးရေသန်း ၃၀ က လျှပ်စစ်မီး မသုံးစွဲနိုင်သေးတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။