နိုင်ငံတဝှမ်း မိုးကြီးမည်

စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ရခိုင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁ဝ ခုမှာ လာမယ့် ၃ ရက်အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာ မိုးကြီးပြီး မြစ်ရေကြီးတာတွေ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်ဆွေက ပြောပါတယ်။

"ဖြစ်ပေါ်နေတဲ့ ဒီလေဖိအားနည်းရပ်ဝန်းရဲ့ လက်ယာဘက်ခြမ်းမှာ ရှိတဲ့အတွက်ကြောင့်မို့လို့ ဒီလက်ဝဲဘက် အခြမ်းထက်စာလို့ရှိရင် ကျမတို့ဘက်က ပိုပြီးတော့ မိုးကြီးတာတို့၊ လေပြင်းတိုက်တာတို့ ပိုပြီးတော့ဖြစ်နိုင် ပါတယ်လို့၊ အဲ့ဒီမိုးကြီးတဲ့အတွက်ကြောင့်မို့လို့ ကျမတို့ ကုန်းမြင့်တောင်စောင်းတွေဆိုလို့ရှိရင် မြေပြို တာတွေတော့ ဖြစ်နိုင်ပါတယ်၊ နောက်တစ်ချက်ကတော့ ကျမတို့ အထက်ပိုင်းကလည်း ရေကြီးမှုတွေ လည်း ဖြစ်နိုင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုလို့ရှိရင် မိုးကြီးတာက ၂ ရက် ၃ ရက်လောက်ရှိပြီဆိုတဲ့အခါကျတော့ အဲ့ဒီလိုမျိုး ကုန်းမြင့်တောင်စောင်းဆိုရင် မြေပြိုတာတို့၊ လျှပ်တပြတ် ရေကြီးတာတို့ ဖြစ်ပေါ်နိုင်ပါတယ်"

ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ လှိုင်းကြီးနိုင်တဲ့အတွက် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ ပင်လယ်ထဲမသွားဖို့ သတိပေးနှိုးဆော်ထားတယ်လို့လည်း သိရပါတယ်။

လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့အထိ အဲ့ဒီနေရာတွေမှာ မိုးကြီးနိုင်ပြီး လက်ရှိ ရခိုင်၊ မန္တလေး၊ စစ်ကိုင်းတို့မှာ မိုးဆက်တိုက်ရွာနေတယ်လို့ သိရပါတယ်။