မိတ္ထီလာ အဓိကရုဏ်းမှာ အဓိက သံသယရှိသူတွေကို ဖမ်းဆီး စစ်ဆေးနေ
2013.04.04

photo: RFA/ Win Naung Toe
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေမှာ အဓိကပါဝင်တယ်လို့ ယူဆရသူတချို့ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီလို့ RFA က စုံစမ်းသိရပါတယ်။
ဘယ်ရွေ့ဘယ်မျှ ဖမ်းဆီးထားတယ်ဆိုတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ စိစစ်ဆဲဖြစ်တဲ့အတွက် အရေအတွက်ကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးကြောင်း မိတ္ထီလာအမှတ ်(၂) ရဲစခန်း ရဲအရာရှိတစ်ဦးက RFAကို ပြောပါတယ်။
အဲ့ဒီ အဓိကရုဏ်းဖြစ်ပွားအောင် ဆူပူလှုံ့ဆော်တဲ့သူတွေကို ထပ်မံစုံစမ်းဖော်ထုတ်သွားမှာဖြစ်ပြီး အမှုမှန်ပေါ်ပေါက်တဲ့အထိ စစ်ဆေးသွားမယ်လို့ ရဲအရာရှိက ဆက်လက်ပြောကြားခဲ့ပါတယ်။
အဓိကရုဏ်းနဲ့ ပတ်သက်လို့ လူ ၄၂ ဦးကို ထိန်းသိမ်းထားကြောင်း၊ ဒီအထဲမှာ ဗုဒ္ဓဘာသာဝင် ၃၀ ခန့်ပါဝင်ကြောင်း မိတ္ထီလာအကြမ်းဖက်မှု နှိမ်နင်းရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရဲအရာရှိ ဦးကြည်ရှိန်ကို ကိုးကားပြီး ဒီကနေ့ထုတ် အေပီသတင်းမှာ ဖော်ပြထားပါတယ်။