မိတ္ထီလာမှာ ဒုက္ခသည်တွေအတွက် လှူဒါန်းသူတွေ များလာ


2013.03.25
meikhtila-refugee-305.jpg မိတ္ထီလာမြို့မှာ ၃ရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ ဒုက္ခသည်များကို မိတ္ထီလာ သာသနဝေ ပုလ္လ ပါဠိတက္ကသိုလ်တိုက်တွင် တွေ့ရစဉ်
photo: RFA/ Kyaw Zawe Win

မိတ္ထီလာမြို့မှာ ၃ရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်နဲ့ ဗုဒ္ဓဘာသာဝင် ဒုက္ခသည်တွေကို နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက မတ်လ ၂၅ရက် ဒီကနေ့မှာ  ရောက်ရှိလှူဒါန်းနေကြပါတယ်။

မန္တလေးမြို့အခြေစိုက် ဘာသာပေါင်းစုံကနေ လှူဒါန်းလိုက်တဲ့ ပစ္စည်းတွေ သယ်ဆောင်ပြီး မိတ္ထီလာမြို့ကို ရောက်ရှိလာတဲ့ မေမြို့ အာရှအလင်းရောင် ဆရာတော် ဦးစိန္တက ဦးဆောင်တဲ့အဖွဲ့က အလှူပစ္စည်းတွေကို ဘာသာရေးခွဲခြားမှုမရှိပဲ နှစ်ဖက်လုံးကို ပေးအပ် သွားမယ်လို့ ဆရာတော်က RFA ကို မိန့်ပါတယ်။

“အခုလို မိတ္ထီလာကို လာရတာက ပြီးခဲ့တဲ့ရက်ပိုင်းက အခင်းဖြစ်လိုက်တဲ့နေရာမှာ ဒုက္ခရောက်သွားတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာတွေရော အစ္စလာမ်ဘာသာဝင် မြန်မာတွေရောပေါ့နော်၊ သူတို့အတွက် တတ်နိုင်သလောက် အလှူအတန်းတွေလာပြီးတော့ လုပ်ပေးတာပါ၊ လှူလိုက်တာကလည်း မန္တလေးမြို့ပေါ်က ဘာသာပေါင်းစုံက လှူလိုက်တာပါ၊ အထူးသဖြင့်  အစ္စလာမ်ဘာသာဝင်တွေက ဘုန်းကြီးတို့ကို ပိုပြီးတော့လှူတာတွေ့ရပါတယ်၊ ဒါတွေကိုလည်း ဒီမှာရှိတဲ့ ဒုက္ခရောက်နေတဲ့ ဘယ်ဘာသာမဆို ဘုန်းကြီးတို့က လှူဒါန်းပေးမှာပါ”

မိတ္ထီလာမြို့ခံ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကတော့ မကျီးကုန်း၊ သမုန်းကုန်း၊ မင်္ဂလာဇေယုံကျောင်းတွေမှာရှိတဲ့ ဒုက္ခသည်တွေကို ဆန်၊ ရေသန့်ဘူး၊ မိုးကာ၊ စောင်၊ အဝတ်အစားတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။

အဲဒီအဓိကရုဏ်းကြောင့် သေဆုံးသူ ၃၂ ဦးရှိပြီး၊ ဒေသခံ ၉၆၀၀ ကျော် ဒုက္ခသည်တွေဖြစ်ခဲ့ရတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အစ္စလာမ်ဘာသာဝင်တွေရဲ့ ဒုက္ခသည်စခန်းတွေကို ခရိုင်အားကစားကွင်း၊ အမှတ် (၁) အထက်တန်းကျောင်း၊ ပညာရေးကောလိပ်စတဲ့ နေရာတွေမှာ အာဏာပိုင်တွေက ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင် ဒုက္ခသည်တွေကိုတော့ မကျီးကုန်းကျောင်း၊ သမုန်းကုန်းကျောင်းစတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။