ဒေသခံ နှစ်ဦးကို ဖမ်းဆီးထားတယ်လို့ ပြောဆိုချက် တပ်မတော် ငြင်းဆို
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရေခေါင်းချောင်းကျေးရွာက ဆေးမှူးတစ်ဦးနဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးကို နယ်မြေခံ တပ်မတော်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
-
2018-12-30 -
-
-
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရေခေါင်းချောင်းကျေးရွာက ဆေးမှူးတစ်ဦးနဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးကို နယ်မြေခံ တပ်မတော်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒါပေမဲ့ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ဖမ်းဆီးထားခြင်း မရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။
ဆေးမှူးအဖြစ်လုပ်ကိုင်နေတဲ့ ဦးကျော်ထွန်းဆိုသူဟာ ဆေးကုသခွင့်လက်မှတ်မရှိဘဲ ဆေးကုနေလို့ဆိုပြီး ဦးကျော်ထွန်းအပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းနိုင် ကိုပါ နယ်မြေခံတပ်ရင်းက ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ပိုင်းက ဖမ်းဆီးသွားတာလို့ ရေခေါင်းချောင်းကျေးရွာ ဒေသခံ ကိုဇော်မျိုးသန်းက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးထံ RFA ဆက်သွယ်မေးမြန်းရာမှာ ဖမ်းဆီးတဲ့ဖြစ် ရပ်မျိုးမရှိကြောင်း ငြင်းဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ ၃ ရက်လောက်က ရေခေါင်းချောင်းကျေးရွာအနီး တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေထွက်ပြေးတာတွေ ရှိခဲ့ကြောင်း လက်ရှိမှာ အဲဒီရွာရဲ့ ဘုန်းကြီးကျောင်းမှာ တပ်မတော်က အခြေစိုက် တပ်စွဲထားကြောင်း သိရပါတယ်။
ဒါ့အပြင် ကောက်စိုက်နေတဲ့ ရွာသားအချို့ကိုလည်း တပ်အပြောင်းအရွှေ့ လုပ်ချိန်တွေမှာ ဖမ်းခေါ်တာမျိုးတွေ ရှိတယ်လို့ ပြောဆိုချက်တွေကိုလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ငြင်းဆိုပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။