The Messenger ဂျာနယ်က မျက်နှာဖုံးကို အမည်းရောင်တွေနဲ့ ခြယ်သပြီး The Nation ဂျာနယ်က မျက်နှာဖုံးမှာ ရောင်စုံ မသုံးတော့ဘဲ အမည်းနဲ့ အဖြူနှစ်မျိုးနဲ့ပဲ ပုံနှိပ်ဖော်ပြခြင်းအားဖြင့် သတင်းလွတ်လပ်ခွင့် မရှိကြောင်း ဆန္ဒထုတ်ဖော် လိုက်ကြတယ်လို့သိရပါတယ်။ The Express Time ဂျာနယ်ကတော့ ပုံနှိပ်ဖော်ပြဖို့ ခွင့်ပြုချက် မရတဲ့ သတင်းလွတ်လပ်ခွင့် လှုပ်ရှားမှု ဓာတ်ပုံတွေကို မျက်နှာဖုံးမှာ ဖော်ပြ ပုံနှိပ်ခဲ့ပါတယ်။
နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်စွာ ရေးသား ဖော်ပြခွင့် ရှိကြောင်း စာဖတ်သူတွေကို သတင်းပေးချင်တဲ့အတွက် ဂျာနယ်အဖုံးကို အနက်ရောင်ခြယ် ထုတ်ဝေရခြင်း ဖြစ်တယ်လို့ The Messenger ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးသူရက RFA ကိုပြောပါတယ်။
"ဒီတပတ် အဖုံးအမဲနဲ့ပေါ့နော်။ အဲဒီလို အဓိက ဖော်ပြထားတာ။ လက်ရှိပိတ်နေတဲ့ ဂျာနယ်ကို ကျွန်တော်တို့ ပြန်ဖွင့်ပေးစေချင်တယ်။ အဲလိုပဲ၊ ကျွန်တော်တို့ အခုလုပ်နေတာက စာပေစိစစ်ရေးကို တိုက်ခိုက်နေတာမျိုးလည်း မဟုတ်ဘူး။ ကျွန်တော်တို့ ဒီနိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ကို အတိုင်းအတာ တစ်ခုထိ ကျွန်တော်တို့ လိုချင်တယ်။ အဲဒီအတွက် ကျွန်တော်တို့ ဒီဟာကို ဒီနေ့ ကျွန်တော်တို့ ကိုယ်စားပြုပြီး ဖော်ပြတဲ့ သဘောပါပဲ"
ဂျာနယ်တွေက စာပေစိစစ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားပေမယ့် စာပေစိစစ်ရေးက ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့အတွက် ဂျာနယ်အဖုံးကို အဖြူအမည်းနဲ့ပဲ ရိုက်နှိပ်ထုတ်ဝေပြီး ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်တယ်လို့ The Nation ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ကိုသက်ဇင်က RFA ကို ပြောပါတယ်။
"ကျွန်တော်တို့မှာ ဒီမီဒီယာတွေနဲ့ ပတ်သက်ပြီး ဒီမတရား ဖိနှိပ်မှုတွေရှိတယ်။ မတရား ဖိနှိပ်မှုတွေရပ်ဆဲဖို့ အတွက် ကျွန်တော်တို့ လက်မှတ်ရေးထိုးပွဲလေး တစ်ခု လုပ်တာပေါ့။ သတင်းကို စာပေစိစစ်ရေးကို ကျွန်တော်တို့ တင်တယ်။ အဲဒီသတင်းကို တောင် သူတို့က ခွင့်မပြုဘူးဆိုတော့က ကျွန်တော်တို့အပေါ်မှာ လုံးဝဆက်လက်ပြီး ဖိနှိပ်ဦးမယ်ဆိုတဲ့ သဘောထားမျိုး ပေးတယ်လို့ ကျွန်တော်တို့က ယူဆတယ်။ အဲဒီလို ယူဆတဲ့အတွက်ကြောင့် ကျွန်တော်တို့ကလည်း ဒီကိစ္စအပေါ် တော်တော်ဝမ်းနည်းတယ်။ ကျွန်တော်တို့ တင်ထားတဲ့ပုံကို သူတို့ ဖြုတ်တဲ့အတွက်ကြောင့် ဓာတ်ပုံမရှိဘူး။ နောက်တစ်ခုကလည်း ကျွန်တော်တို့က သူတို့ကို ပူပေါင်းဆောင်ရွက်ဖို့ ကြိုးစားပေမဲ့ သူတို့က ငြင်းဆိုတဲ့အတွက် ကျွန်တော်တို့က ဝမ်းနည်းတဲ့ အတွက် ကျွန်တော်တို့က ဒီဥစ္စာကို အဖြူအမဲ သုံးတာ"
အခု နောက်ဆုံးရရှိတဲ့ သတင်းအရ ပြီးခဲ့တဲ့ တပတ်က စာပေစိစစ်ရေးရဲ့ အရေးယူ ပိတ်ပင်ခြင်းခံခဲ့ရတဲ့ The Voice Weekly နဲ့ Envoy ဂျာနယ်နှစ်စောင်ကို စာပေစိစစ်ရေးက ဒီကနေ့ နေ့လည်မှာ ခေါ်ယူပြီး ပြန်လည် ထုတ်ဝေခွင့်ပြုမယ်လို့ အသိပေးလိုက်ကြောင်း သိရပါတယ်။
စာပေစိစစ်ရေးဌာနက ဂျာနယ် အယ်ဒီတာတွေ ခေါ်ယူတွေ့ဆုံပြီး ပြောဆိုခဲ့ပါတယ်လို့ The Voice Weekly ရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက RFA ကို ပြောပါတယ်။
"ဒီ်နေ့ နေ့ခင်းက ကျွန်တော်တိုက်က အယ်ဒီတာတွေ သွားကြတယ်ဗျ။ စာပေစိစစ်ရေးက ခေါ်လို့ဗျ။ ၂ ပတ်ယာယီရပ်နား ပြီးတော့ ပြန်ထုတ်ခွင့်ပေးတာပါ။ ၁၈ ရက်နေ့ပြန်ထွက်မှာပေါ့နော်"
The Voice Weekly ဂျာနယ်ဟာ စာပေစိစစ်ရေးရဲ့ အရေးယူမှုကြောင့် နှစ်ပတ် ယာယီ ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။