သတင်းမီဒီယာတွေကို မေးမြန်းမှု စာနယ်ဇင်းကောင်စီ လက်မှတ်ကောက်ယူ
2014.07.01

သတင်းဂျာနယ်တိုက်တွေက တာဝန်ရှိသူတွေ ကို မြန်မာနိုင်ငံ ရဲသတင်းအထူးတပ်ဖွဲ့က ခေါ် ယူမေးမြန်းနေတာနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေဘက်က ကူညီပေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ဒီနေ့ လက်မှတ်တွေ စတင်ကောက်ခံနေပါတယ်။
စာနယ်ဇင်းကောင်စီအနေနဲ့ လက်မှတ်တွေ စုဆောင်းကောက်ယူပြီး လွှတ်တော်ကို တင်ပြခြင်း အားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနကို မေးခွန်းမေးမြန်း နိုင်တယ်လို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်သက်ထွေး က ပြောပါတယ်။
"အဓိကအားဖြင့်တော့ မီဒီယာသမားတွေကို ဒီလိုလုပ်ခြင်းဟာ သတင်းလွတ်လပ်ခွင့်ကို ထိပါးတယ်လို့ ယူဆတဲ့အတွက် စာနယ်ဇင်းကောင်စီ က ဦးဆောင်ပြီးလုပ်တာပါ၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးတချို့ဟာ ဆုံးရှုံးနေတယ်၊ ဒါကြောင့် ဥပဒေအရ ပြန် လည်ပြီး စစ်ဆေးပေးဖို့အတွက် ရည်ရွယ်ပြီးတော့ လက်မှတ်ရေးထိုးပြီးတော့တင်ပြမှာ၊ ဒီလိုတင်ပြမှ လွှတ်တော် က ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ခေါ်ယူပြီးတော့မှ ဒါတွေဘယ်လိုဖြစ်တာလဲဆိုပြီးတော့ ဒီလို လက်မှတ်ရေးထိုးပြီးတော့ လွှတ်တော်ကိုရောက်နေတဲ့စာတွေရှိတယ်၊ ဒါကြောင့် ဘယ်လိုဖြစ်တာလဲလို့ မေးမြန်း နိုင်အောင်လုပ်တာ၊ မီဒီယာတွေရဲ့ လက်မှတ်တွေနဲ့ဆို ပိုအားကောင်းတာပေါ့"
ပြီးခဲ့တဲ့ ဇွန်လကုန်လောက်က ပြည်ထဲရေးဝန်ကြီးဌာန ရဲသတင်းအထူးတပ်ဖွဲ့က သတင်းဂျာနယ်တိုက်တွေရဲ့ အရှုံးအမြတ်နဲ့ ဝန်ထမ်းအင်အားစတာတွေကို ခေါ်ယူမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလိုစစ်ဆေးတာဟာ သတင်းလွတ်လပ်ခွင့်ကို ထိပါးစေတာကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ကန့်ကွက်ကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်ထဲမှာ ရဲသတင်းအထူးတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့တာတွေကို အများပြည်သူသိရှိနိုင်အောင် ထုတ်ပြန်ကြေညာပေးဖို့ တောင်းဆိုထားသလို၊ သတင်းမီဒီယာတွေကို ခေါ်ယူစစ်ဆေးမယ်ဆိုရင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို တရားဝင် အကြောင်းကြားသင့်တယ်လို့ ဖော်ပြထားပါတယ်။
လက်မှတ်တွေကို ဒီနေ့ကစပြီးလာမယ့် ဇူလိုင်လ ၁၀ ရက်နေ့အထိ ကောက်ယူသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။