မိကျောင်းကန် ရပ်ကွက်သားတွေ ၉ ကြိမ်မြောက် ဆန္ဒပြ
2013.11.26

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်မြေနေရာ အပိုင်း ၁၊၂၊၃ က မြေပိုင်ရှင်တွေ ဟာ တပ်ကသိမ်းယူထားတဲ့ မြေနေရာတွေပြန်ရဖို့အတွက် ဒီကနေ့မနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် အထက (၁) ကျောင်းရှေ့မှာ ၉ ကြိမ်မြောက်ဆန္ဒပြခဲ့ကြပြီး နေ့ လယ်ပိုင်းမှာတော့ ဘိုးဘွားပိုင် မိကျောင်းကန်မြေနေ ရာရှေ့မှာ ဒုတိယအကြိမ်မြောက် သပိတ်စခန်းဖွင့် ခဲ့ကြပါတယ်။
၂၀၁၂ ခုနှစ်မတ်လက ဒုတိယအကြိမ်မြောက် မိကျောင်းကန်ဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့တဲ့ ကိုထင်ကျော်၊ ဦးစိန်သန်းနဲ့ ဦးကျော်လွင်တို့ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးကနေပြီး ပုဒ်မ (၁၈)၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်တာကြောင့် သူတို့ ၃ ဦးကို ပြန် လွှတ်ပေးဖို့အတွက် သပိတ်စခန်းဖွင့်ရတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ မနေနွယ်သန်းက ပြောပါတယ်။
“ညီမတို့ရဲ့ခေါင်းဆောင်ကို ပုဒ်မ ၁၈ နဲ့ အလုပ်ကြမ်းနဲ့ ထောင် ၃ လဆိုပြီးတော့ အင်းစိန်ထောင်ကို ခေါ်သွားပါတယ်၊ ဒီအတွက် ညီမတို့ ဒီကပြည်သူတွေကနေပြီးတော့ ဒီမြေနေရာနဲ့ ပတ်သက်ပြီးတော့ ထိရောက်စွာဆောင်ရွက်ပေးဖို့ မရှိမခြင်း၊ ခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွတ် မပေးမခြင်း မထတော့ဘူးဆိုပြီးတော့ ညီမတို့ ဒီဘိုးဘွားပိုင်မြေရှေ့မှာပဲ သပိတ်စခန်းဖွင့်လိုက်ပါပြီ”
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က အခုဆန္ဒပြသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပေမယ့် အခုအချိန်အထိ ပြေလည်မှုမရှိသေးဘူးလို့ ပြောပါတယ်။
ဒီကနေ့မှာတော့ ဆန္ဒပြသူတွေက မိကျောင်းကန်မြေနေရာတွေမှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေကို ဖယ်ရှားပေးဖို့၊ ပုဒ်မ ၁၈ ဖျက်သိမ်းပေးဖို့၊ မိကျောင်းကန်ဆန္ဒပြရာမှာ ပါဝင်ခဲ့တာကြောင့် အဖမ်းခံထားရသူတွေကိုလွှတ်ပေးဖို့ စတဲ့အချက်တွေအပါအဝင် အချက် ၇ ချက်ကို တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။