မိကျောင်းကန်သပိတ်စခန်း ရက်၂၀၀ ပြည့် အစာငတ်ခံဆန္ဒပြမည်


2014.10.08
mechaungkan-305.jpg ဘိုင်းဘွားပိုင်မြေတွင် နိုဝင်ဘာလ ၂၆ ရက်နေ့က သပိတ် စခန်းဖွင့်ကြတဲ့ မိချောင်းကန် မူလမြေပိုင်ရှင်များကို မြင်ရစဉ်
photo: RFA/ Kyaw Lwin Oo

ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံနံဘေးမှာ ဖွင့်ထားတဲ့ မိကျောင်းကန် သပိတ်စခန်း ရက် ၂ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြသူတွေက မနက်ဖြန် ကြာသပတေးနေ့မှာ အစာငတ်ခံဆန္ဒပြကြမယ်လို့ သိရပါတယ်။

သပိတ်စခန်း ရက် ၂ဝဝ ပြည့်တဲ့အထိ အစိုးရ က ဖြေရှင်းပေးတာမရှိတဲ့အတွက် အခုလို အစာငတ်ခံ ဆန္ဒပြဖို့ စီစဉ်တာဖြစ်တယ်လို့ မိကျောင်းကန် သပိတ် စခန်းမှာရှိတဲ့ ဦးမောင်မောင် ဆိုသူက ပြောပါတယ်။

"မြေယာနဲ့ ပတ်သက်ပြီးတော့ အကိုတို့က မှန်မှန် ကန်ကန် မြေသိမ်းခံရတဲ့အတွက် ဒီလူတွေ မဟုတ်မမှန်ပဲနဲ့ တောင်းဆိုနေတာမဟုတ်ဘူး၊ မြေယာ အဓမ္မအသိမ်းခံရတဲ့အတွက် ရရှိအောင်တောင်းဆိုတာ ပါ၊ ရက် ၂ဝဝ ပြည့်ပြီးတဲ့အခါကျတော့ အစိုးရကလည်း တုန့်ပြန်မှုမလာသေးတဲ့အတွက် ကိုယ့်နေရာပြန်လည်ရရှိရေးအတွက် တဆင့်တက်ပြီးတော့ အစာငတ်ခံဆန္ဒပြ တာပါ၊ နောက်တစ်ခုက မိချောင်းကန်ခေါင်ဆောင် ကိုစိန်သန်း ထောင်ထဲကနေ လွတ်မြောက်ရေးအတွက်လည်း ကျနော်တို့ အစာငတ်ခံဆန္ဒပြတာပါ"


ဒီလ ၃ ရက်နေ့ နောက်ဆုံးထားပြီး မိကျောင်းကန်သပိတ်စခန်းကို ဖျက်သိမ်းပေးဖို့ ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးအမိန့်နဲ့ မြို့နယ်စည်ပင်နဲ့ ရဲစခန်းက သတိပေးစာကပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အမိန့်စာထဲမှာ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့အမည်မပါတဲ့အပြင် စည်ပင်ဝန်ထမ်းတွေနဲ့ ရဲတွေကလည်း တစုံတရာ အသိပေးပြောကြားခြင်းမရှိဘဲ သပိတ်စခန်းထဲကို အခုလို သတိပေးစာ ဝင်ကပ်သွားတာကြောင့် အဲဒီလူတွေကို အရေးယူပေးဖို့ ခရိုင်စည်ပင်ရုံးနဲ့ ကျောက်တံတားမြို့နယ် ရဲစခန်းကို တင်ပြထားတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အပိုင်း (၁၊ ၂နဲ့ ၃) မှာ နေထိုင်ခဲ့သူတွေက အသိမ်းခံထားရတဲ့ သူတို့မြေတွေ ပြန်လည်ရရှိဖို့ မဟာဗန္ဓုလပန်းခြံနံဘေးမှာ သပိတ်စခန်းဖွင့်ထားတာ အခုဆိုရင် ၇ လနီးပါးရှိနေပါပြီ။

လက်ရှိ မိကျောင်းကန်သပိတ်စခန်းမှာ ဆန္ဒပြသူ ၈ဝ နီးပါးရှိတဲ့အနက် သက်ကြီးရွယ်အိုတချို့ ကျန်းမာရေးထိခိုက်နေ တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။