မန္တလေးမြို့မှာရှိတဲ့ စျေးချိုတော်၊ မန်းမြန်မာပလာဇာနဲ့ ရတနာပုံစျေးတွေက ဆိုင်ခန်း တွေကို ဇွန်လ ၇ ရက်နေ့ နောက်ဆုံးထား ဖွင့်လှစ်ဖို့နဲ့ မဖွင့်ရင် စျေးဆိုင်တွေကို သိမ်းဆည်း သွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သတိပေးထားတယ်လို့ စျေးဆိုင်ဖွင့်ထားသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက သတိပေးခဲ့တာဖြစ်ပြီး လာမယ့် ဇွန်လ ၇ ရက်နေ့မှာမှ မဖွင့်ရင် ၈ ရက်နေ့ကစပြီး စျေးဆိုင်တွေသိမ်းမှာဖြစ်တယ်လို့ ဆိုင်ရှင်တွေက ပြောပါတယ်။
ဒါပေမဲ့ စျေးသည်တွေအနေနဲ့ ပြန်လည်ဖွင့်လှစ်ဖို့ အခက်အခဲတွေရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီကလည်း ဆိုင်တွေ ဖွင့်စေချင်တယ်။ ဒါပေမဲ့ စျေးတွေမှာကလည်း မကြာခဏ ပေါက်ကွဲတာတွေ ဖြစ်နေတာ့ မဖွင့်ရဲကြဘူး၊ အခုလို ထုတ်ပြန်လာတော့ ခဏ သွားဖွင့်တာမျိုးတော့ လုပ်ရမှာပေါ့၊ ပစ္စည်းတွေကလည်း စျေးမှာ မထားရဲကြ တော့ဘူး၊ သူခိုးကလည်း ပေါတယ်"
ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က စျေးချိုတော်ထဲက ထိုးမုန့်တန်းအနီးမှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူထိခိုက်တာတော့ မရှိခဲ့ဘူးလို့ စျေးချိုတော် စျေးဆိုင်ပိုင်ရှင်တွေက ပြော ပါတယ်။
ကိုဗစ်ကပ်ရောဂါဖြစ်ပြီးနောက်ပိုင်းကတည်းက ပိတ်ထားခဲ့ရတဲ့ စျေးဆိုင်တွေဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်မှာလည်း ပြန်ဖွင့်ဖို့ အဆင်မပြေကြတဲ့အတွက် အများစုက ပိတ်သိမ်းထားခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလကလည်း စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေး ကော်မတီက အခုလို ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ပြန်မဖွင့်တဲ့စျေးဆိုင်တွေကို ယာယီသိမ်းသွားတယ်လို့ စျေးဆိုင်ပိုင်ရှင်တွေက ပြောကြပါတယ်။