မန္တလေးမှာ ဗကသကျောင်းသားတွေ ဆန္ဒပြ


2014.11.27
education-bill-protest-mdy-305.jpg မန္တလေးမြို့မှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ဗကသကျောင်း သားတွေ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြစဉ်
Photo: Hset Paing Toe/RFA

မန္တလေးခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်က ကျောင်းသား ကျောင်းသူ ၆၀ ခန့်ဟာ အမျိုးသားပညာရေးဥပဒေကို မန္တလေးမြို့မှာ ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

လွှတ်တော်က ပြဌာန်းထားတဲ့ အမျိုးသားပညာရေး ဥပဒေမှာ ပညာရေးအသုံးစရိတ်ကို အတိအကျ ပြဌာန်း ထားတာမရှိကြောင်းနဲ့ အမျိုးသားပညာရေးကော်မရှင်ကို ဖျက်သိမ်းပေးဖို့တောင်းဆိုကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ ဗကသများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောပါတယ်။

"ပညာရေးကဏ္ဍကို ၁၅ ရာခိုင်နှုန်း သို့မဟုတ် ၂ဝ ရာခိုင်နှုန်းသုံးစွဲဖို့ အတိအကျပြဌာန်းစေချင်တယ်၊ ဒီပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေ မှာတော့ ကျောင်းအလိုက်ကုန်ကျမယ့် လိုအပ်တဲ့ငွေတွေကို ဝန်ကြီးဌာနကနေတဆင့် တင်ပြပါ၊ အဲ့လိုမှ အစိုးရက ပြန်ချပေးမယ်ဆိုတဲ့ပုံစံမျိုး၊ ကျနော်တို့က အဲ့လိုပုံမျိုးမလိုချင်ဘူး၊ အစိုးရကပြဌာန်း လိုက်တဲ့ အမျိုးသားပညာရေးဥပဒေရဲ့ အခန်း ၄ ပေါ့၊ အမျိုးသားပညာရေးကော်မရှင် အဖွဲ့အစည်းချင်း လုပ်ပိုင်ခွင့်နဲ့တာဝန် အဲဒီ့တစ်ခန်းလုံးကို ကျနော်တို့ကဖြုတ်ခိုင်းတယ်၊ ဒီထဲမှာ ဗဟိုချုပ်ကိုင်မှုလို့ ပြောလို့ရတယ်၊ ကျနော်တို့က ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကော်မတီကို ၃ ခုနဲ့ ဖွဲ့ချင်တယ်၊ ကျောင်းသားကိုယ်စားလှယ်ပါရမယ်၊ မိဘကိုယ်စားလှယ်ပါရမယ်၊ ဆရာတွေရဲ့ကိုယ်စားလှယ်ပါရမယ်"

ဆန္ဒပြကျောင်းသား ကျောင်းသူတွေဟာ မန္တလေးမြို့က ဈေးချို၊ မီးရထားဘူတာကြီး၊ ကျောင်းနဲ့ နန်းမြို့ရိုးတလျှောက် လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေး အထွေအထွေရောဂါကုဆေးရုံကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရောက် ရှိနေစဉ် ကျောင်းသား ကျောင်းသူတွေက အဲဒီဆေးရုံရှေ့မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။ သက်ဆိုင်ရာမြို့နယ် ရဲစခန်းတွေမှာ ခွင့်ပြုချက်မတင်ထားတာကြောင့် ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ဝင်တွေက တားမြစ်တာတွေ ရှိခဲ့ပါတယ်။

ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။