မြန်မာပြည်ငြိမ်းချမ်းရေး မန္တလေးသံဃာ ဟောပြောခွင့်ရ

မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားဝင်းအတွင်း မဟာဗုဒ္ဓဝင် ဗိမာန်တော်ကြီးမှာ သံဃာတော် ၅ ပါး ဒီကနေ့ မနက်က စပြီး ငြိမ်းချမ်းရေးနဲ့ တရားမျှတရေး အတွက် ဟောပြော ဆန္ဒပြခဲ့ ကြပါတယ်။

2011.11.15
mdy-monk-protest15-305 မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားဝင်းအတွင်း မဟာဗုဒ္ဓဝင် ဗိမ္မာန်တော်ကြီးမှာ သံဃာတော် (၅)ပါးက ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်မှစပြီး ငြိမ်းချမ်းရေးနှင့် တရားမျှတရေးအတွက် ဟောပြောဆန္ဒပြခဲ့ကြစဉ်။ Photo/Burma VJ Media Network
Photo/Burma VJ Media Network

ငြိမ်းချမ်းရေး ဟောပြောရာမှာ ဆရာတော် ဦးသောပါက က ဟင်္သာတ ထောင်မှာ ကျခံနေရတဲ့ အရှင်ဦးခေမိန္ဒ ကျန်းမာရေး အခြေအနေ ဆိုးနေကြောင်း ထည့်သွင်း ဟောပြောခဲ့ပါတယ်။

သံဃာတော်တွေရဲ့ ငြိမ်းချမ်းရေး ဆန္ဒပြ ဟောပြောပွဲကို မန္တလေးဒေသခံ ပြည်သူတွေ ရာနဲ့ချီ စုရုံး နားထောင်ခဲ့ကြပါတယ်။

ကိုယ်တိုင် တက်ရောက် နားထောင်နေတဲ့ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဦးကိုကိုကြီးကတော့ သံဃာတော်တွေဟာ ဆန္ဒပြနေတာ မဆိုနိုင်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက် နေကြတာသာ ဖြစ်ကြောင်း ပြောပါတယ်။

ဟောပြောခဲ့ကြတဲ့ သံဃာတော်တွေက ထိန်းသိမ်းခံထားရတဲ့ သံဃာတော်တွေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခ တိုက်ပွဲတွေကို ချက်ချင်း ရပ်ဆိုင်းပြီး အားလုံးပါဝင်တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်း အမြန်ဆုံး ဆောင်ရွက်ဖို့နဲ့ သံဃာတော်တွေနဲ့ စာပေပညာရှင်တွေအပေါ် ဟောပြောခွင့် ပိတ်ပင် တားဆီးတာတွေကို ရုပ်သိမ်းဖို့ တောင်းဆို ခဲ့ကြပါတယ်။

ဒါ့အပြင် သမ္မတကြီးဦးသိန်းစိန် အနေနဲ့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အကျိုးအတွက် စစ်မှန်တဲ့ အပြောင်းအလဲတွေကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းတော် မူခဲ့ကြပါတယ်။

နေ့လယ်ပိုင်းမှာတော့ မဟာဗုဒ္ဓဝင် ဗိမာန်အတွင်းကနေ ပြောင်းရွှေ့ပေးဖို့ အာဏာပိုင်တွေနဲ့ မန္တလေးတိုင်း သံဃာ့မဟာနာယက ဆရာတော်တွေ လာရောက် ညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက် သံဃာတော် ၅ ပါးကို မစိုးရိမ်တိုက်ဟောင်း ဆရာတော်ကြီးက မိမိကျောင်းတိုက်ဝင်းအတွင်း သုသာန်ကျောင်းမှာ ဟောပြောခွင့် ပြုခဲ့ပါတယ်။ ဆန္ဒပြ သံဃာတွေနဲ့ ဆရာတော်ကြီးတွေ ဆက်လက် ဆွေးနွေး ညှိနှိုင်းနေကြပြီး ကျောင်းတိုက်ဝင်း အတွင်းမှာ လူထုနဲ့ သံဃာတော်တွေ စုဝေးစောင့်ဆိုင်း နေတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ဆွေးနွေးညှိနှိုင်းအပြီးမှာ ဆန္ဒပြ သံဃာတွေကို ငြိမ်းချမ်းစွာ ဟောပြောဖို့ ၃ ရက် ခွင့်ပြုလိုက်ပြီး မနက်ဖြန် မွန်းလွဲ တစ်နာရီ မစိုးရိမ် တိုက်ဟောင်းမှာ ဟောပြောပွဲ ကျင်းပမယ်လို့ သိရပါတယ်။

အခုအချိန်အထိ အဖမ်းအဆီး သတင်းမရသေးပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။