ဒေါ်ခင်ဝင်းသေဆုံးမှု မန္တလေးနဲ့ လက်ပံတောင်းမှာ လူထုဆန္ဒပြ


2014.12.27
lpt-mdy-305.jpg ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံေတောင်းမှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်းသေဆုံးခဲ့ပြီး တချို့ဒဏ်ရာရခဲ့တဲ့အပေါ် အရေးယူပေးဖို့ မန္တလေးမြို့မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့က ရဟန်းရှင်လူပြည်သူတချို့ ဆန္ဒပြတောင်းဆိုစဉ်
Photo: Nay Thawe/RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ သေဆုံးခဲ့သူ မိုးကြိုးပြင်အလယ်ရွာက ဒေါ်ခင်ဝင်းနဲ့ ဒဏ်ရာရသူတွေ အတွက် တရားမျှတမှုရှိအောင် ဖြေရှင်းပေးဖို့ မန္တလေး မြို့မှာ ဒီကနေ့ သံဃာတော်တွေ အပါအဝင် လူပုဂ္ဂိုလ် တစ်ထောင်နီးပါး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ဆန္ဒပြနေတာမဟုတ်ဘဲ ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ကို ဆန္ဒပြတာဖြစ်တယ်လို့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုကွန်ရက် MDCF အဖွဲ့ က ကိုသိန်းအောင်မြင့်က ပြောပါတယ်။

"တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ဆန့်ကျင်နေတာ မဟုတ်ဘူး၊ တရုတ်ပြည်သူတွေကို လူမျိုးရေး အရ စော်ကားနေတာ မဟုတ်ဘူး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေဖြစ် တယ်၊ ကျနော်တို့ မြန်မာနိုင်ငံ ရဲ့ ဒေသဆိုင်ရာ ပြဿနာတွေမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေနဲ့ အိမ်နီးချင်းကောင်းပီသ စွာ ဖြေရှင်းပေးဖို့လိုအပ်တယ်"

ဆန္ဒပြပွဲမှာ ပါဝင်သူတွေက မြန်မာနိုင်ငံတော်သီချင်းကို သီဆိုပြီး တရုတ်ကောင်စစ်ဝန်ရုံးကနေ မန္တလေးမြို့ရဲ့ လူစည်ကားတဲ့ (၆၆) လမ်းမ၊ လမ်း (၃၀)နဲ့ ဘူတာကြီး စတဲ့နေရာတွေမှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ဆန္ဒပြပွဲကို ရွေဝါရောက်သံဃာ့ကွန်ရက် (အထက်မြန်မာပြည်)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၊ ကဗျာဆရာသမဂ္ဂ (မန္တလေး)ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် စတဲ့နိုင်ငံရေးနဲ့ လူမှုရေး တက်ကြွအဖွဲ့အစည်းပေါင်း ၂၄ ဖွဲ့နဲ့အတူ မြို့ခံတွေ စုပေါင်းပါဝင်ခဲ့ကြပါတယ်။

ဒီအတောအတွင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ပေးဖို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ် မှုကြောင့် သေဆုံးသွားခဲ့တဲ့ မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုမှန်ဖော် ထုတ်ပေးဖို့ ကြေးနီစီမံကိန်းအတွင်းက တုံရွာမှာလည်း ဒေသခံ ၁ဝဝ နီးပါးလောက် ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဆည်တည်းရွာသူ ဒေါ်မာမာဝင်းက တောင်းဆိုချက်တွေကို အခုလိုပြောပါတယ်။

"ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက်ခံရတာတွေရယ်၊ လျော်ကြေးလုံးဝမယူထားတဲ့ ယာမြေပေါ်မှာ ဒုတိယအကြိမ် ခြံစည်းရိုးခတ်သွားတဲ့အတွက် ဝမ်ပေါင်ကုမ္ပဏီ အလိုမရှိတာရယ်၊ ဦးပိုင် ကုမ္ပဏီ အလိုမရှိတာတွေကို ကျမတို့ ဆန္ဒဖော်ထုတ်တာပါ"

မန္တလေးမြို့က ဆန္ဒပြပွဲအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။