တက္ကသိုလ်ဝင်တန်း အောင်မြင် ခဲ့တဲ့ အကျဉ်းကျလူငယ် ၇ ဦးကို ဂုဏ်ပြု
ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မန္တလေးအိုးဘိုထောင်ကနေ ဖြေဆိုသူ ၁၁ ဦးထဲမှာ အောင်မြင်ခဲ့သူ ၇ ဦးကို ဒီနေ့ ဆုချီးမြှင့်ခဲ့ပါတယ်။
-
2017-07-22 -
-
-
ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မန္တလေးအိုးဘိုထောင်ကနေ ဖြေဆိုသူ ၁၁ ဦးထဲမှာ အောင်မြင်ခဲ့သူ ၇ ဦးကို ဒီနေ့ ဆုချီးမြှင့်ခဲ့ပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သူတွေဟာ လုံခြုံရေးအရ ရတနာပုံတက္ကသိုလ်မှာသာ အဝေးသင် တက်ရောက်ခွင့်ပြုမှာဖြစ်တယ်လို့ မန္တလေးဗဟိုအကျဉ်းထောင် ဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းက ဒီနေ့ ကျင်းပတဲ့ ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။
"ဒီနှစ် ၁ဝ တန်းအောင်သွားတဲ့ ကလေးတွေကို တက္ကသိုလ်ပညာ ဆက်တက်သင်ယူနိုင်ရေးအတွက် အဆင့်မြင့်ပညာဦးစီးဌာန ရတနာပုံတက္ကသိုလ်ကို ပါမောက္ခချုပ်နဲ့ ကျနော် သွားရောက်ညှိနှိုင်းဆောင်ရွက် ပြီး ဖြစ်ပါတယ်၊ ဒီကလေးတွေ စာဆက်လက်သင်ကြားပေးဖို့ကို သူတို့ဘက်ကလည်း အတက်နိုင်ဆုံး ကလေးတွေအတွက် ဆောင်ရွက်ပေးမယ်၊ နောက်ဆုံးအဆင့် အကျဉ်းထောင်အတွင်းတောင် သူတို့ လာရောက်သင်ကြားပေးမယ်ဆိုပြီးတော့ အကြမ်းမျဉ်း ကျနော်တို့ ညှိနှိုင်းချက်ရရှိခဲ့ပြီးပါပြီ၊ အခု ကလေးတွေ ဖောင်တင်ရမယ့်အချိန် ရောက်လာပြီဆိုရင်တော့ တက္ကသိုလ်ဝင်တန်းတက်ဖို့အတွက် အဝေးသင်ဖောင် လျှောက်ဖို့ဖြစ်ပါတယ်"
မန္တလေးဗဟိုအကျဉ်းထောင်မှာ ၂ဝ၁၆ - ၂ဝ၁၇ ပညာသင်နှစ်ကစပြီး တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်ရရှိခဲ့တာဖြစ် ပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ အကျဉ်းကျ ကျောင်းသား၊ ကျောင်းသူ ၁၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၇ ဦးအောင်မြင်ခဲ့ပြီး ၃ ဘာသာဂုဏ်ထူးရရှိသူတစ်ဦး ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
အကျဉ်းထောင်တွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူတွေနဲ့ ဆရာ၊ ဆရာမတွေကို ဂုဏ်ပြုတဲ့အခမ်းအနားကို ဒီနေ့ ကျင်းပတာဖြစ်ပါတယ်။
အခမ်းအနားမှာ ၃ ဘာသာဂုဏ်ထူးရှင် မရွှန်းလဲ့ဝေကျော်ကို ငွေကျပ် ၃ သိန်း၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၄ ဦးကို တစ်သိန်းစီနဲ့ ရိုးရိုးအောင်မြင်ခဲ့သူ ၂ ဦးကို ငွေကျပ်ငါးသောင်းစီ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ စာမေးပွဲအောင်မြင် ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကတော့ စီးပွားရေးတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တွေမှာ ကျောင်းတက် လိုကြတယ်လို့ ဆိုပါတယ်။
အကျဉ်းကျ ကျောင်းသား၊ ကျောင်းသူတွေကို ၂ဝ၁၃ - ၂ဝ၁၄ ပညာသင်နှစ်ကစလို့ ပဉ္စမတန်းကနေ ၁ဝ တန်းအထိ အကျဉ်းကျဆရာ၊ ဆရာမတွေက ကြပ်မတ်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ အခုလို ထောင်တွင်းစာစစ်ဌာန မရှိခင်က တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရန်ကုန် အင်းစိန်ထောင်မှာ သွားရောက်ဖြေဆိုရတယ်လို့ သိရပါတယ်။
အကျဉ်းဦးစီးအနေနဲ့ အခုလို ပညာရေးတိုးတက်အောင် ဆောင်ရွက်ပေးရာမှာ လိုအပ်ချက်တွေ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၆ - ၂ဝ၁၇ ပညာသင်နှစ်မှာ ပဉ္စမတန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ၃၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ ပါတယ်။ ဒီနှစ်မှာ အကျဉ်းကျ ကျောင်းသား၊ ကျောင်းသူ ၈၇ ဦးရှိပြီး ၁ဝ တန်း ကျောင်းသား၊ ကျောင်းသူ ၅၂ ဦး ပါဝင်ပါတယ်။ သူတို့တွေကို အကျဉ်းကျ ဆရာ၊ ဆရာမ ၁၇ ဦးက သင်ကြားပြသပေးနေတယ်လို့ သိရပါတယ်။ အကျဉ်းကျ ကျောင်းသား၊ ကျောင်းသူ အများစုဟာ မူးယစ်ဆေးမှု၊ လူသတ်မှုနဲ့ ခိုးမှုတွေကြောင့် အကျဉ်းကျ ခံနေရတာဖြစ်ပါတယ်။