မန္တလေး လဝကရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ခုနစ်ဦး ဒဏ်ရာရ

RFA Burmese
2023.08.19
မန္တလေး လဝကရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ခုနစ်ဦး ဒဏ်ရာရ မန္တလေးမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။
RFA

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှာ ဩဂုတ်လ ၁၈ ရက် မနေ့က ဗုံးပေါက်ကွဲမှုဖြစ်ပြီး လူခုနစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ချမ်းမြသာစည်မြို့နယ် တောင်ရပ်ကွက်မှာရှိတဲ့ လဝကရုံးမှာ မနေ့ညနေ ၃ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိပါဘူး။ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရန်ချန်နယ်တွေကတော့ ဒီပေါက်ကွဲမှုကြောင့် အမျိုးသမီးလေးဦးနဲ့ အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒဏ်ရာရသူတွေဟာ အသက်၂၄ နှစ်အရွယ် မစုမြတ်မွန်၊ အသက် ၄၆နှစ်အရွယ် ဒေါ်နှင်းနှင်းအေး၊ အသက် ၅၄ နှစ်အရွယ် ဒေါ်ကြည်ဌေး၊ အသက် ၆၇ နှစ်အရွယ် ဒေါ်မြင့်မာ၊အသက် ၃၆ နှစ်အရွယ် ဇော်မင်းထိုက်၊ အသက်၂၆ နှစ်အရွယ် စိုးကျော်ကျော်နဲ့ အသက် ၁၆ နှစ်အရွယ် ဖိုးလပြည့်တို့ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ အရပ်သားတွေလား စစ်ကောင်စီ ရုံးဝန်ထမ်းတွေလားဆိုတာ RFA အနေနဲ့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေကတော့ အမျိုးသားနှစ်ဦးက ဆိုင်ကယ်စီးလာရင်း လဝက ရုံးကို ဗုံးနဲ့ပစ်ပေါက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေဟာ အရပ်သားတွေလို့ ရေးသားထားပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်သူတွေက စစ်ကောင်စီရဲ့ ရုံးတွေ၊ ရဲစခန်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေဟာ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအပါအဝင် နိုင်ငံတစ်ဝန်းမှာ မကြာခဏ ဖြစ်ပေါ်နေပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ဇူလိုင်လကုန်အထိ တိုက်ခိုက်မှုတွေကြောင့် နိုင်ငံ့ဝန်ထမ်းအပါအဝင် လူ ရှစ်ရာကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။