မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံ ငါးခု ယာယီပိတ်ခံရ
2022.12.28

မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံ ငါးခုကို စစ်ကောင်စီက လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့က စလို့ လေးလတိတိ ယာယီပိတ်ခိုင်းထားတယ်လို့ ဆရာဝန်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ပုဂ္ဂလိက ဆေးရုံတချို့မှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဆရာဝန်တွေကို ဖမ်းမိတာကြောင့် စစ်ကောင်စီက ဆေးရုံတွေကို ဖိအားပေးပြီး ယာယီ ပိတ်ခိုင်းတာလို့ မန္တလေးမြို့ ဆရာဝန်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"အဲဒီဆေးရုံတွေကို CDM ဆရာဝန်တွေ မိတဲ့ကိစ္စနဲ့ ပိတ်ခိုင်းတာ။ CDM ဆရာဝန်၊ သူနာပြုတွေရှိတဲ့အပေါ်မှာ သူတို့ဝင်စစ်တဲ့အချိန်တွေ့လို့ဆိုပြီးတော့ အဲဒီဆေးရုံတွေကို ဇန်နဝါရီလ ၁ ရက်ကနေပြီးတော့ လေးလတိတိပိတ်ရမယ်လို့ အကြောင်းကြား လာတာပေါ့နော်"
ယာယီပိတ်ခိုင်းထားတဲ့ ပုဂ္ဂလိကဆေးရုံတွေထဲမှာ နန်းတော်၊ မြို့တော်၊ ကံ့ကော်၊ ထက်နေလင်းနဲ့ စိန်ပန်း စတဲ့ ပုဂ္ဂလိကဆေးရုံ ငါးခု ပါဝင်တယ်လို့ သူက ဆိုပါတယ်။
မန္တလေး ဆေးတက္ကသိုလ်က CDM လုပ်ထားတဲ့ ဆီးနဲ့ ကျောက်ကပ် ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဝင်းခိုင်ကို ဒီဇင်ဘာလ ၂၅ ရက်က နန်းတော်ပုဂ္ဂလိက ဆေးရုံမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးတဲ့နောက် အခုလို ပုဂ္ဂလိကဆေးရုံတွေပိတ်ဖို့ စစ်ကောင်စီက ဖိအားပေးလာတာလို့လည်း CDM ဆရာဝန်တွေက ပြောပါတယ်။
ဆေးရုံတွေ ပိတ်ခိုင်းလိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးအတွက် စိတ်ပူနေရတယ်လို့ မန္တလေးမြို့မှာ အပိတ်ခံရတဲ့ ပုဂ္ဂလိကဆေးရုံတစ်ခုက ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
"အဲသတင်းကြားကြားချင်းတော့ ဝန်ထမ်းတိုင်းက ဝမ်းနည်းကြတာပေါ့နော်။ ဘာလို့လဲဆိုတော့ ဝန်ထမ်းအကုန်လုံးကလည်း မှီခိုနေတဲ့ မိသားစုတွေ ရှိတယ်။ အဲလိုမျိုး ရုတ်တရက်ကြီးလည်းဆိုတော့ ထင်လည်းမထင်မှတ်ထားကြဘူးပေါ့နော်"
ဆေးရုံပိတ်ခိုင်းထားတာကြောင့် လက်ရှိမှာ လူနာသစ်တွေ လက်မခံတော့ဘူးလို့လည်း သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ အစောဆုံးပါဝင်ခဲ့တဲ့ ဆရာဝန် ၅၅၇ ဦးကို စစ်ကောင်စီက ဆေးကုသခွင့်လိုင်စင် (ဆမ) လက်မှတ် တစ်နှစ်တိတိ ရုပ်သိမ်းပြီး ဝန်ထမ်းအဖြစ်က ထုတ်ပယ်ထားတယ်လို့ CDM ဆရာဝန်တွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်း ၁၀၈ ဦး ဖမ်းဆီးခံထားရပါတယ်။