အစိုးရသစ် ဆောင်ရွက်ပေးနိုင်မှု အားနည်းနေသေးကြောင်း မန်းဝန်ကြီးချုပ် ဝန်ခံ


2018.06.28
mdy-govt-press-622.jpg မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဒုတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/RFA

အစိုးရသစ်အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ပြည်သူတွေ စိတ်ကျေနပ်မှုရအောင် ဆောင်ရွက်ပေးနိုင်မှု အားနည်းနေသေးတယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်က ဝန်ခံပြောကြားလိုက်ပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးမှာ ဒီနေ့ပြုလုပ်တဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဒုတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သတ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

"အစိုးရဘက်က ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေကျေနပ်လောက်အောင် ကျနော်တို့ လုပ်ပေးနိုင်သလားဆိုတော့ အပွင့်လင်းဆုံးဝန်ခံရရင် ကျနော်တို့အားမရပါဘူး၊ ဘာဖြစ်လို့အားမရတာလဲဆိုရင် ကျနော်တို့ စိတ်တိုင်းကျဆောင်ရွက်လို့ မရတာတွေရှိတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တွေအပါအဝင် ဘတ်ဂျက်ကန့်သတ်ချက်တွေကြောင့် အစိုးရအနေနဲ့ စိတ်တိုင်း ကျဆောင်ရွက်လို့ မရတာတွေရှိတယ်လို့လည်း မန္တလေးတိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။

အစိုးရအနေနဲ့ လက်ညှိးထိုးပြစရာ အောင်မြင်မှုတွေရှိသလို ထိတွေ့ကိုင်တွယ်လို့မရတဲ့ အောင်မြင်မှုတွေလည်း ရှိနေပေမယ့် စိန်ခေါ်မှုအခက်အခဲတွေကတော့ ရှိနေဆဲပဲဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းအတွင်း သိမ်းဆည်းမြေယာတွေနဲ့ ပတ်သက်ပြီး ပြန်လည်ပေးအပ်နိုင်ဖို့အတွက်  မြေပြင်စစ်ဆေးတဲ့ အဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို မန္တလေးတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ တရားသူကြီးချုပ်နဲ့ ဥပဒေချုပ်တို့ တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။