မန္တလေးမြို့က ဇလုံကြီး စားသောက်ကုန် လုပ်ငန်းရှင် အဖမ်းခံရ

RFA Burmese
2023.03.09
မန္တလေးမြို့က ဇလုံကြီး စားသောက်ကုန် လုပ်ငန်းရှင် အဖမ်းခံရ ဇလုံကြီးဟင်း အနှစ်ထုပ် စားသောက်ကုန်ပစ္စည်းများအား တွေ့ရစဉ်။
ဇလုံကြီး ဟင်းအနှစ်ထုပ်

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် ၆၆ လမ်းမပေါ်၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြားမှာရှိတဲ့ ဇလုံကြီးဟင်း အနှစ်ထုပ် စားသောက်ကုန်လုပ်ငန်း စက်ရုံကို အင်အား ၅၀ နီးပါးနဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းကာ ပိုင်ရှင်အမျိုးသားဖြစ်သူကို ဒီနေ့ မနက် ၁၁ နာရီခန့်မှာ ဖမ်းဆီးသွားခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ဆိုပါတယ်။

စက်ရုံကို ဝင်ရောက်စီးနင်းမှုအပြီး နာရီအနည်းငယ်အကြာမှာ ဇလုံကြီး စားသောက်ကုန်လုပ်ငန်းရဲ့ ထုတ်ကုန်တွေနဲ့ ကုန်ကြမ်းပစ္စည်းတွေကို စစ်တပ်က လာရောက်သိမ်းဆည်းသွားခဲ့ပါတယ်။

ဇလုံကြီးဟင်းအနှစ်ထုပ် ဆိုင်ပိုင်ရှင်ကို စစ်ကောင်စီတပ်တွေက ကားခုနစ်စီးနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ မျက်မြင်ကြုံရတဲ့ ချမ်းအေးသာစံမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကျနော်က အဲဒီလမ်းမပေါ်ကအဖြတ် ကားတွေပေါ် လူတင်နေတာ တွေ့ပါတယ်။ စစ်သားနဲ့ ရဲတွေ အများဆုံးပါတယ်။ အင်္ကျီအဖြူနဲ့ ဘောင်းဘီကာကီရောင် ဝတ်ထားတယ်။ လက်ထိပ်ခတ်ထားတာက ပိုင်ရှင်အမျိုးသားဖြစ်ဖို့များတယ်။ ကားတွေကတော့ ရပ်ထားတာ ခုနစ်စီးလောက်ရှိတယ်။ အခုတစ်ခေါက်ထပ်ဖြတ်တော့ အဲဒီစက်ရုံးဝင်းက တံခါးပိတ်ထားတယ်ဗျ"

ဖမ်းဆီးခံထားရတဲ့ ပိုင်ရှင်အမျိုးသား နာမည်နဲ့ ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတဲ့ အသေးစိတ် အခြေအနေကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဇလုံကြီး စားသောက်ကုန် လုပ်ငန်းဘက်ကို RFA က ဆက်သွယ်တဲ့အခါ ဖြေကြားဖို့ ငြင်းဆိုထားသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ မထုတ်ပြန်သေးပါဘူး။

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ မန္တလေးတိုင်း၊ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်တပ်အာဘော်တွေကို ရေးသားလေ့ရှိတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ဇလုံကြီး စားသောက်ကုန် လုပ်ငန်းဟာ သူ့စားသောက်ကုန်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေကို ပေးပို့ရောင်းချနေတာကြောင့် ဖမ်းဆီးဖို့ မတ်လ ၉ ရက်နေ့ မနက်ပိုင်းကတည်းက လှုံဆော်ရေးသားမှုတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝန်းက လူပေါင်း ၁၆,၃၉၈ ဦး ဖမ်းဆီးခံထားရကာ ၄,၉၇၅ ဦး ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။