မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း သတင်းစာရှင်းလင်း

အရင် မန္တလေးတိုင်း အစိုးရအဖွဲ့ကနေ လက်ရှိ တိုင်းအစိုးရကို လွှဲအပ်ရမယ့် ငွေကျပ်သန်းပေါင်း ၃ဝဝဝ ကျော် စာရင်းကို တိတိကျကျ ရှင်းပြနိုင်ဖို့ လက်ရှိတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စာတင်ထားတယ်လို့ တိုင်းဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်က ပြောလိုက်ပါတယ်။

လက်ရှိတိုင်းအစိုးရကို လွှဲအပ်ရမယ့်ငွေကြေးကိစ္စ ယခင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဆောင်ပြီး ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က မန္တလေးမြို့မှာ သတင်းစာရှင်းလင်းခဲ့စဉ် Photo: Khaymani Win/RFA

ယခင် မန္တလေးတိုင်း အစိုးရအဖွဲ့ကနေ လက်ရှိတိုင်းအစိုးရကို လွှဲအပ်ရမယ့် ငွေကျပ်သန်းပေါင်း ၃ဝဝဝ ကျော် ဆိုတဲ့ စာရင်းကို တိတိကျကျ ရှင်းလင်းပြနိုင်ဖို့အတွက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စာတင်ထား တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဦးရဲမြင့်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မန္တလေးမြို့ မန်းမြန်မာပလာဇာဟိုတယ်မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ယခင် တိုင်းအစိုးရအဖွဲ့က ဝန်ကြီးချုပ်ဟောင်းအပါအဝင် မြို့တော်ဝန် ဦးအောင်မောင်း၊ လျှပ်စစ်ဝန်ကြီး ဦးကျော်မြင့်၊ လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းတို့ တက်ရောက်ခဲ့ပါတယ်။

အဲဒီငွေကြေးတွေနဲ့ ပတ်သက်ပြီး ကိုယ်ကျိုးသုံးခဲ့တာမရှိဘူးလို့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်က ပြောပါတယ်။

"တိုင်းဒေသကြီး စားရင်းစစ်ချုပ်ရုံးရဲ့ လေ့လာတွေ့ရှိချက်နဲ့ အကြံပြုချက်တွေကဘာတွေလဲ။ သိချင်တယ်။ ဒါကိုသိရင် အခုထက်ပိုပြီး ရှင်းလင်းတဲ့တိကျချက်ပေးနိုင်တယ်။ အခုကတော့ တစ်ဖက်သတ်ပဲလေ။ ရှင်းပြနိုင်ဖို့အတွက် ဒီနေ့ပဲဝန်ကြီးချုပ်ဆီကို စာတင်လိုက်တယ်။ ရှင်းခွင့်ပေးရတယ်။ ရှင်းခွင့်မပေးဘဲ ဘာမှလုပ်လို့မရဘူး။ ရှင်းပြနိုင်တဲ့အခြေနေထိရောက်အောင် ရှင်းခွင့်ပေးပါလို့ ကျနော်ကိုယ်တိုင် လတ်မှတ်ထိုး စာတင်လိုက်တယ်။ ငွေကြေးကလည်းများတယ်။ ကိုယ်ကျိုးသုံတာမျိုး လုံးဝမရှိပါဘူး။ စိတ်သန့်စွာနဲ့ ပြောနေတာပါ"

အရင် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ သူတို့ကျန်ရှိနေတဲ့ ကြွေးကျန်တွေကို ပေးသွင်းရမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့ ဒုတိယတစ်နှစ်တာကလ သတင်းစာရှင်းလင်းပွဲမှာ မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောခဲ့ပါတယ်။

လက်ရှိ အစိုးရက ရှင်းလင်းခိုင်းတဲ့ငွေကြေးတွေဟာ ပြည်သူ့ဘဏ္ဍာငွေမပါဝင်ဘဲ စေတနာရှင်တွေက လှူဒါန်းထား တဲ့ငွေကြေးတွေဖြစ်လို့ ၂ဝ၁၇ ခုနှစ် သြဂုတ်လက ဖွဲ့စည်းခဲ့တဲ့ ရတနာပုံဖောင်ဒေးရှင်းအသင်းမှာ လွှဲပြောင်းထားပြီး လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဲဒီငွေကြေးတွေကိစ္စကို ရှင်းလင်ဖို့အတွက် နိုင်ငံတော်သမ္မတထံကို ဒီနှစ် ဇွန်လလယ်ခန့်က စာပေးပို့ထားပြီးဖြစ် တယ်လို့လည်း ဦးရဲမြင့်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org