မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာ ခရစ်ယာန်မိဘမဲ့ကျောင်း ချိပ်ပိတ်ခံရ

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်ရှိ ချိပ်ပိတ်သိမ်းဆည်းခံလိုက်ရသည့် ခရစ်ယာန်မိဘမဲ့ကျောင်းအဆောက်အအုံကို တွေ့ရစဉ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်ရှိ ချိပ်ပိတ်သိမ်းဆည်းခံလိုက်ရသည့် ခရစ်ယာန်မိဘမဲ့ကျောင်းအဆောက်အအုံကို တွေ့ရစဉ်။ (Photo: Citizen Journalist)

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် (စ) လုံးရပ်ကွက်က ခရစ်ယာန်မိဘမဲ့ဂေဟာ ဖွင့်ထား တဲ့ နေ့ကလေးထိန်းကျောင်းကို ရဲနဲ့ စစ်တပ်က PDF နဲ့ ဆက်နွှယ်တယ်လို့ စွပ်စွဲပြီး နိုဝင်ဘာလ ၂ ရက် မနေ့ညပိုင်းမှာ ချိပ်ပိတ်သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

မနေ့ညက စစ်တပ်နဲ့ ရဲအင်အားအများအပြား ကျောင်းကို ရောက်လာကာ ကလေးတွေနဲ့ ဝန်ထမ်းတွေကို ညတွင်းချင်း အပြင်ဆွဲထုတ်ပြီး အဆောက်အအုံကို ချိပ်ပိတ်သွားတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဓိက PDF နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲပြီးလုပ်သွားတာ။ ကလေးတွေကို ညတွင်းချင်းဆွဲထုတ်ပြီး အဆောက်အအုံကို တစ်ခါတည်း ချိပ်ပိတ်တယ်။ ကလေးတွေ ကို ဘယ်ခေါ်သွားလဲတော့ မသိဘူး။ ကြိုးအဝါတွေနဲ့ တားသွားတယ်။ ဒီအဆောက်အအုံ ကို သိမ်းတယ်ဆိုတဲ့စာကို ဗီနိုင်းချိတ်သွားတယ်”

ကပ်ထားတဲ့ ဗီနိုင်းစာမှာ ဒီအဆောက်အအုံဟာ PDF တွေနဲ့ ဆက်စပ်နေတာကြောင့် နိုင်ငံပိုင်သိမ်းဆည်းမယ့်မြေဖြစ်လို့ ဘယ်သူမှ မကျူးကျော်ရ၊ ရောင်းဝယ်ခြင်း မပြုရလို့ ဖော်ပြထားပါတယ်။

ချိပ်ပိတ်ပြီးနောက် အဲဒီအဆောက်အအုံရှိနေတဲ့ ရပ်ကွက်ကို ည ခုနစ်နာရီလောက်ကစလို့ လျှပ်စစ်မီး ဖြတ်တောက်ပြီး တစ်ညလုံး အမှောင်ချထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ချိပ်ပိတ်ခံရတဲ့ အဆောက်အအုံဟာ မျက်နှာစာ ပေသုံးဆယ်၊ အနောက်ကို ပေလေးဆယ် အကျယ်အဝန်းရှိတဲ့ မြေနေရာမှာ ဆောက်ထားတဲ့ တစ်ထပ်တိုက်ဖြစ်ပြီး ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် ကလေး ၅၀ ခန့် ခိုလှုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေရာမှာ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ပုဂ္ဂလိက မူကြိုကျောင်း စတင်ဖွင့်လှစ် ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစလို့ မိဘမဲ့ကလေးတွေကို လက်ခံစောင့်ရှောက်ထားတာ လို့ သူ့ရဲ့ကလေးကို အဲဒီကျောင်းမှာ ကျောင်းထားခဲ့ဖူးတဲ့ မိခင်တစ်ဦးက ပြောပါတယ်။

ခရစ်ယာန်ဘာသာရေး မိဘမဲ့ဂေဟာလို့ ဒေသခံတွေက ပြောဆိုကြပြီး ဘယ်အသင်းတော် က ဖွင့်လှစ်ထားတယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေး ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ချိပ်ပိတ်ခဲ့တဲ့ အဆောက်အအုံဟာ ခရစ်ယာန်မိဘမဲ့ဂေဟာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ သတင်းမီဒီယာဖြစ်တဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားရဲ့ နိုဝင်ဘာလ ၃ ရက်နေ့ ည ၈ နာရီသတင်းမှာ ပြောလိုက်ပါတယ်။

ဒီအဆောက်အအုံဟာ ခရစ်ယာန်မိဘမဲ့ဂေဟာမဟုတ်ဘဲ PDF တွေနဲ့ KIA ပူးပေါင်းပြီး ဖောက်ခွဲရေးသင်တန်းဖွင့်လှစ်ဖို့ ငှားရမ်းထားတဲ့ နေအိမ်တစ်လုံးသာဖြစ်တယ်လို့ သူက ပြောပါတယ်။

" အိမ်ကိုချိပ်ပိတ်ရတဲ့ အကြောင်းက မနှစ်က ဇွန်လ ၂၀ ရက်ပတ်ဝန်းကျင်လောက်က သပိတ်ကျင်းဘက်မှာ မန္တလေး၊ PDF အဖွဲ့ ဝေယံလင်း (ခ) ထွန်းတောက်နိုင်ဦးဆောင်တဲ့အဖွဲ့ကို လက်နက်အမြောက်အများနဲ့ မိခဲ့တယ်။ စစ်ဆေးချက်အရ PDFတွေ နဲ့ တချို့KIA အဖွဲ့ပေါင်းပြီး မန္တလေးမြို့ပေါ်မှာ ဖောက်ခွဲရေးသင်တန်းဖွင့်ဖို့ အခြေပြုဖို့ အိမ်လေးလုံးငှားခဲ့တယ်။ ဒီအိမ်ဟာ အဲ့အိမ်ထဲက တစ်လုံးဖြစ်တယ်။ ချိပ်ပိတ်စစ်ဆေးတဲ့အခါ ကလေး ၁၀ ယောက်တွေ့တယ်။ အိမ်ငှားတွေရဲ့ပြောပြချက်အရ မိဘမဲ့ကလေးတွေလို့ပြောတာပဲ။ ကျွန်တော်တို့ စစ်ဆေးနေဆဲပဲ ရှိသေးတယ်။ မိဘမဲ့ကလေးဂေဟာဖွင့်တယ်၊ မိဘမဲ့ကလေးကျောင်းဖွင့်တယ်ဆိုတဲ့ တရားဝင်မှတ်ပုံတင်ထားတာမရှိဘူး။ သူတို့ အစီအစဉ်နဲ့သူတို့လုပ်နေတယ်။ တချို့သောလူမှုကွန်ရက်မှာ အဲ့ဒီအိမ်မှာဆေးကုပေးနေတယ်ဆိုတဲ့ သတင်းလည်းကြားရတယ်။ ပြည်သူလူထုကို ဆေးကုပေးနေတဲ့ ပုံစံလည်းမရှိပါဘူး။ အကြမ်းဖက်အဖွဲ့တွေကို အဆက်အသွယ်တွေနဲ့ ဆေးကုပေးနေတဲ့ပုံစံတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ စစ်ဆေးဆဲပဲရှိပါတယ်။ခရစ်ယာန်မိဘမဲ့ကျောင်းဆိုတာမဟုတ်ပါဘူး။"

အဲဒီကျောင်းတည်ရှိတဲ့ (စ) ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးရုံးကို နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးအပါအဝင် လူငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အဲဒီနေ့ညပိုင်းမှာလည်း ရပ်ကွက်ထဲက နေရာအချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ စလုံးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးဝန်းကျင်က ဈေးဆိုင်ခန်း သုံးခန်းနဲ့ ညနေပိုင်း ပျံကျဈေးဆိုင် ၁၀ ခုလောက်ကိုလည်း စစ်ကောင်စီတပ်က ဖယ်ရှားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး (AAPP) ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာစသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်ထိ ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်အဆောက်အအုံ ၇၈၆ လုံးထက်မနည်း ရှိပါတယ်။