မန္တလေးမှာ ဗုံးနဲ့တိုက်ခိုက်မှု ရဲငါးဦးထက်မနည်း ဒဏ်ရာရ

2022.02.24
မန္တလေးမှာ ဗုံးနဲ့တိုက်ခိုက်မှု ရဲငါးဦးထက်မနည်း ဒဏ်ရာရ မန္တလေးမှာ ရဲတပ်ဖွဲ့ဝင်တွေကို ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်နေ့က တွေ့ရစဥ်
AFP Photo

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈ လမ်း၊ ရတနာပုံမီးပွိုင့်မှာ ဖေဖော်ဝါရီလ ၂၃ ရက် မနေ့က လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ လက်ပစ်ဗုံးနဲ့ ပစ်ခတ် ခံခဲ့ရတာကြောင့် ရဲမှူးတစ်ယောက် အပါအဝင် တပ်ဖွဲ့ဝင် ငါးယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးမြို့က ဒေသခံတွေက ပြောပါတယ်။

လမ်းသွားလမ်းလာတွေကို ရဲက အဖွဲ့ပေါင်းစုံနဲ့ စစ်ဆေးနေချိန် ပစ်ခတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့တွေက တစ်နေရာကို မနက်တစ်ပိုင်း၊ ညနေတစ်ပိုင်းနဲ့ လှည့်စစ်တာ။ အခုထုခံရတဲ့အဖွဲ့က အဖွဲ့စုံပါတယ်။ အရင်ကလည်း အခုလိုတွေထု ခံရတာရှိပေမဲ့ ဒီလောက်မထိခိုက်ဘူး။ ဒီတစ်ခေါက်တာ တော်တော်ထိတယ်။ ရဲမှူးလည်း ထိတယ်ကြားတယ်။ သူတို့ပစ်ခံရတော့ အဲဒီအနီးနား အကုန်ပတ်ပစ်ပြီး အကုန်တားစစ်တော့တာပဲ"

မနေ့က ဗုံးနဲ့ပစ်ခတ်သူက ထွက်ပြေးလွတ်မြောက်သွားပြီး ဒဏ်ရာရသူတွေကိုတော့ နန်းတွင်းဆေးရုံမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့အခြေစိုက် Guerilla Force Of Mandalay (GRA) အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း Guerilla Force Of Mandalay (GRA) နဲ့ Eagle Brothers People’S Defense Force –MDY အဖွဲ့တို့ပူးပေါင်းပြီး အိုးဘိုအကျဉ်းထောင် တောင်ဘက်အပေါက်ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အဲဒီအဖွဲ့တွေက ထုတ်ပြန် ထားပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီက စစ်တပ်၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ မီးသတ် တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ အရေးယူတာ၊ ဖမ်းဆီးတာတွေကို နေ့စဉ်ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။