မန္တလေးက စစ်ဆေးရေးဂိတ် ဗုံးနဲ့ အပစ်ခံရ၊ ရဲနှစ်ယောက် ထိခိုက်

2022.03.02
မန္တလေးက စစ်ဆေးရေးဂိတ် ဗုံးနဲ့ အပစ်ခံရ၊ ရဲနှစ်ယောက် ထိခိုက် မန္တလေးမြို့ နေရာတစ်ခုကို ၂၀၂၂ မတ် ၁ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈ လမ်းနဲ့ ၁၁၇ လမ်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်း က ယာဉ်စည်းကမ်း စစ်ဆေးရေးဂိတ်မှာ မတ်လ ၂ ရက် ဒီနေ့က လက်ပစ်ဗုံးနဲ့ အပစ်ခံရလို့ ရဲတပ်သားနှစ်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်သားတွေ၊ ရဲတွေ၊ ယာဉ်ထိန်းရဲတွေရှိတဲ့ အဲဒီဂိတ်ကို ဆိုင်ကယ်နဲ့ပစ်ပြီး ထွက်ပြေး ခဲ့ရာက လွတ်မြောက်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

“ ရဲကားကို ထုသွားတာ၊ ကားလည်း ထိသွားတယ်။ လူတွေလည်း ထိသွားတာ တွေ့တယ်။ ဖြစ်ပြီးတော့ လူမှုကူညီရေး အသင်းကားရောက်လာပြီး ခေါ်သွားတယ်၊ အနီးနားကိုလည်း စစ်သားတွေက ပစ်တာတွေ လုပ်သေးတယ်။ ယာဉ်စည်းကမ်း စစ်တယ်ဆိုတဲ့အဖွဲ့တွေက နေရာစုံလိုက်စစ်ကြတာ၊ ရွေ့လျားစနစ်နဲ့ စစ်နေတာ"

ဘယ်အဖွဲ့အစည်း၊ ဘယ်သူတွေက ခုလို တိုက်ခိုက်ခဲ့တယ်ဆိုတာ မသိရသေးသလို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာရုံးတွေကို ဆိုင်ကယ်ပေါ်ကနေ ဖောက်ခွဲရေး လုပ်နေတာတွေကြောင့် ဆိုင်ကယ်စီးရာမှာ အမျိုးသားနှစ်ယောက် မစီးဖို့၊ အမျိုးသမီး နောက်မှာ အမျိုးသား မလိုက်ရဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလက မန္တလေးမြို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အမျိုးသားနှစ်ယောက် ဆိုင်ကယ်မစီးရဆိုတဲ့ တားမြစ်ချက်ကို စစ်ကောင်စီက တစ်နိုင်ငံလုံး နီးပါးမှာ ထုတ်ပြန်ထားပြီး အမျိုးသားနှစ်ယောက် စီးလာရင် သေနတ်နဲ့ ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာပုံတက္ကသိုလ် မီးပွိုင့်မှာ အဖွဲ့အစည်း ပေါင်းစုံနဲ့ ယာဉ်စည်းကမ်းစစ်ဆေးနေတဲ့အဖွဲ့ ဗုံးနဲ့ တိုက်ခိုက် ခံခဲ့ရပြီး မြို့နယ်ရဲမှူးအပါအဝင် ၁၀ ယောက် ထက်မနည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေရဲ့ ကင်းတဲ၊ မန္တလေးမြို့ နန်းမြို့ရိုးအနီးက စာတိုက်အနီး အပါအဝင် နေရာအချို့မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက် ခံရတာတွေ မကြာခဏ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။