တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ပါတီ ၉ ခု မန္တလေးမှာ ဆန္ဒပြတောင်းဆို
2014.11.26

မန္တလေးမြို့အခြေစိုက် နိုင်ငံရေးပါတီ ၉ ခုက ပါတီဝင် ၂၀၀ ကျော်ဟာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ မန္တလေးမြို့ ပြည်သူ့ဟစ်တိုင်ကွင်းမှာ ဒီနေ့ ဟောပြောပွဲကျင်းပပြီး တောင်းဆိုခဲ့ကြပါတယ်။
အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ခတ်ရပ်စဲရေးရရှိဖို့ ကြိုးပမ်းနေတာကို အောင်မြင် လာအောင် တွန်းအားပေးတဲ့အနေနဲ့ ပါတီ ၉ ပါတီ ပူးပေါင်းပြီး တောင်းဆိုတာဖြစ်တယ်လို့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ မန္တလေးတိုင်းဒေသကြီး အလုပ်သမားအဖွဲ့ခေါင်းဆောင် ဦးမိုးကြည် က ပြောပါတယ်။
"နိုင်ငံတော်က လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးကို ပါတီများရော၊ ပြည်သူများပါ အားပေးအားမြှောက်နဲ့ တွန်းအားပေးသင့်တယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ၉ ပါတီ စုပေါင်းပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးကို နိုင်ငံတော်က ကြေညာထားတဲ့ အတိုင်းပဲ မကြာခင်ကာလမှာ တစုံတခုသေ ေအောင်မြင်မှုကို ရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်၊ ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်တွေ အပစ်အခတ်ရပ်စဲရင်ကောင်းမယ်၊ ပြည်သူတွေကလည်း ဒုက္ခရောက်လာပြီ၊ ဒါကြောင့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲသည်အထိ ကျနော်တို့ အကောင်အထည်ဖော်ပေးရင် ကောင်းမယ်ဆိုတဲ့သဘောမျိုး ဆန္ဒဖော်ထုတ် တာပါ"
ဆန္ဒဖော်ထုတ်ပွဲမှာ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူလည်း ပါဝင်ဟောပြောခဲ့ပြီး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပစ်ခတ်ရပ်စဲဖို့ကို တိုက်တွန်းကြောင်း မိန့်ကြားပါတယ်။
ဒီနေ့ တောင်းဆိုပွဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသား ဒီမိုကရေစီအင်အားစု၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်၊ ပြည်သူ့ဒီမိုကရေစီပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ ဓနုအမျိုးသားဒီမိုကရေစီပါတီနဲ့ တိုင်းလိုင် ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ပါဝင်ခဲ့ပါတယ်။