အမေရိကန်အမတ် ဂျွန်မက်ကိန်း ခရီးစဉ် NLD ကျေနပ်အားရ
2011.06.03

အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ ရွှေဂုံတိုင် ဌာနချုပ်မှာ တွေ့ဆုံခဲ့ရာမှာ သူ့ရဲ့ နှစ်ရက်တာခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ရှိမရှိ လေ့လာဖို့ ဖြစ်ပြီး အခြေအနေတွေ တိုးတက်မှု ရှိမရှိ အမေရိကန်ပြည်ထောင်စု က စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက အာအက်ဖ်အေကို ပြောပါတယ်။
“မစ္စတာ ဂျွန်မက်ကိန်းက တချိန်လုံး ကျနော်တို့ ဒီမိုကရေစီ အင်အားစုဘက်ကနေ ခိုင်ခိုင်မာမာ ရပ်တည်ပြီး အားပေးထောက်ခံပြီး စွမ်းအားရှိသလောက် ဆောင်ရွက်ပေးနေတာတွေ ရှိခဲ့တယ်။ အခုလည်းပဲ ဒီတခါ လာတာက အစိုးရသစ် ဖြစ်လာတယ် ဆိုတဲ့အခါကျတော့ အခြေအနေ တိုးတက်မှု ရှိတယ်မရှိဘူး လာကြည့်တဲ့သဘော သူရှင်းပြပါတယ်”
အစိုးရသစ်ရဲ့ ဒု-သမ္မတ သူရ ဦးတင်အောင်မြင့်ဦးနဲ့ တွေ့ဆုံခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ရေး ကိစ္စ အလေးပေး ဆွေးနွေးခဲ့တယ်လို့ ဂျွန်မက်ကိန်းက ပြောပြခဲ့ကြောင်း CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။
“ဒုတိယ သမ္မတနဲ့ တခြား အစိုးရပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ တွေ့ခဲ့တဲ့အခါမှာလည်း သူ့အနေနဲ့ အကျဉ်းသား ၂ ထောင်ကျော် လွှတ်ပေးဖို့၊ ပြီးတော့ အကျဉ်းထောင်တွေကို ICRC က ချက်ခြင်း ဝင်ရောက်ကြည့်ရှုခွင့် ပေးဖို့ တောင်းဆိုခဲ့တယ် ဆိုတဲ့အကြောင်းတွေကို ရှင်းပြပါတယ်”
ဒီကနေ့ ၄၅ မိနစ်ကြာ တွေ့ဆုံပွဲမှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ စီးပွားရေးပိတ်ဆို့မှု ကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဦးတင်ဦးက ပြောပါတယ်။
မစ္စတာ ဂျွန်မက်ကိန်းဟာ NLD ရုံးချုပ်မှာ ဖွင့်လှစ်ပြသထားတဲ့ ‘အလင်းနဲ့ရေးတဲ့ပန်းချီ’ ဓာတ်ပုံပြခန်းကိုလည်း ဝင်ရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။ အဲဒီနောက် မစ္စတာဂျွန်မက်ကိန်းဟာ ညနေ ၄ နာရီမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ဒီညနေ ၄ နာရီကနေ ၅ နာရီ ၁၅ လောက်အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါတယ်။ အဓိက ကတော့ ဒုတိယသမ္မတနဲ့ တွေ့ခဲ့တဲ့အကြောင်းတွေ၊ ပြောဆိုခဲ့တဲ့အကြောင်းတွေ ကျနော်တို့ကို ရှင်းပြပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မြန်မာနိုင်ငံမှာ ကြိုးစား ဆောင်ရွက်နေကြတာ၊ အခက်အခဲတွေ ဒုက္ခတွေအားလုံး သူ နားလည်ပါတယ်တဲ့။ ဒါကိုလည်း အမြဲတမ်း ထောက်ခံသွားပါ့မယ် တဲ့။ အစိုးရဘက်က ဒုတိယသမ္မတက သူတို့ ဆန္ဒရှိတဲ့ဟာတွေ ပြောပါတယ်။ Sanction ကိစ္စတွေ ပါတယ်။ နောက် ခရီးစဉ်ကိစ္စတွေ၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးကိစ္စတွေ ပါပါတယ်”
မကြာခင် ဒေါ်အောင်ဆန်းစုကြည် နယ်မြို့တွေကို ခရီးထွက်တဲ့အခါ သတိထားရမယ့် လုံခြုံရေး ကိစ္စတွေကိုလည်း ဒီဆွေးနွေးပွဲမှာ ပြောဆိုဖြစ်ကြတယ်လို့ သိရပါတယ်။
မစ္စတာဂျွန်မက်ကိန်းရဲ့ အခုခရီးစဉ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အပေါ်မှာ NLD အနေနဲ့ ကျေနပ် အားရမိတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
မစ္စတာဂျွန်မက်ကိန်းဟာ ဒီကနေ့ မနက်ပိုင်းက ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုခေါင်းဆောင် ဦးခင်မောင်ဆွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အတွင်းရေးမှူး ဦးခင်မောင်ကြီး အပါအဝင် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့လည်း အမေရိကန် ယာယီသံမှူးရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။