မေယု FM

ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ် (Photo: RFA)

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တဝိုက်က ဒေသခံတချို့ နားလည်နိုင်မယ့် ဘာသာစကားနဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို သိရှိနိုင်စေဖို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး မေယု FM လိုင်းကို စမ်းသပ်ထုတ်လွှင့်နေတာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် က ပြောပါတယ်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရဘက်က ဆောင်ရွက်နေတာတွေကို ဒေသခံတွေ သိနိုင်စေဖို့ အခုလိုထုတ်လွှင့်တာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမျိုးမြင့်မောင် က ပြောပါတယ်။

"လူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို လုပ်နေတာရှိတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွေကလည်း ကူညီထောက်ပံ့ရေးတွေ၊ ပြန်လည်ထူထောင်ရေး ကိစ္စလုပ်ငန်းတွေ လုပ်နေတာတွေရှိတယ်။ အလားတူပဲ ဒီကျန်းမာရေး ကိစ္စရပ်တွေဆိုလည်း လုပ်နေတာရှိ တာပေါ့။ အဲ့ဒါထက်အရေးကြီးတာက အခုဒီဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ် မူတည်ပြီးတော့ တရား ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးတွေ လုပ်နေတာလေးတွေရှိတယ်။ အဲတော့ ဒါလေးတွေလည်း အဲဒီမှာရှိတဲ့သူတွေ သိအောင်ပေါ့နော်"

ဒေသခံရခိုင်တိုင်းရင်းသားတွေက တိုင်းရင်းသားမျိုးနွယ်စုဘာသာစကားနဲ့ ထုတ်လွှင့်တာ မဟုတ်တဲ့အတွက် ဒီ FM လိုင်းထုတ်လွှင့်မှုအပေါ် စိုးရိမ်မှုတွေရှိနေပြီး ကန့်ကွက်သွားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

မေယု FM လိုင်းဟာ တစ်နိုင်ငံလုံးကို လွှမ်းခြုံပြီး လွှင့်တာမဟုတ်တဲ့အတွက် ဒေသခံတွေ နားလည်တဲ့ ဘာသာ စကားနဲ့ စမ်းသပ်ထုတ်လွှင့်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

မေယု FM ကို ၉၀.၁ မဂ္ဂါဟက်နဲ့ ထုတ်လွှင့်နေပြီး မနက် ၆ နာရီကနေ ၁၀ နာရီအထိ တစ်ကြိမ်နဲ့ ညနေ ၄ နာရီကနေ ၈ နာရီအထိ တစ်ကြိမ် စမ်းသပ်ထုတ်လွှင့်နေတာဖြစ်တယ်လို့ သိရပါတယ်။