ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ လာမယ့်နှစ် ဇန်နဝါရီလမှာ ထုတ်ပြန်မည်


2016.10.27
aungnaingoo-620.jpg မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး ကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo : Win Ko Ko Latt/RFA

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကို လာမယ့် ၂ဝ၁၇  ခုနှစ်၊  ဇန်နဝါရီလမှာ ထုတ်ပြန်သွားမယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောပါတယ်။

ဒီကနေ့ နေပြည်တော်က Hilton ဟိုတယ်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေရေးဆွဲရေးကို ကမ္ဘာ့ဘဏ် အပါအဝင် စီးပွားရေးမိတ်ဖက်အဖွဲ့တွေနဲ့ ပထမဆုံးအကြိမ်ဆွေးနွေးအပြီးမှာ ဦးအောင်နိုင်ဦးက ပြောတာဖြစ် ပါတယ်။

"၂ဝ၁၇-၁၈ ဘဏ္ဍာရေးနှစ်ပေါ့၊ ၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ဥပဒေသစ်၊ နည်းဥပဒေသစ်၊ လုပ်ထုံးလုပ်နည်းအသစ်တွေနဲ့ ကျင့်သုံးဆောင်ရွက်သွားနိုင်ဖို့ ကျနော်တို့ ပြင်ဆင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေမူကြမ်းကို ရေးဆွဲပြီးရင် ဖတ်ရှုနိုင်အောင် နိုင်ငံပိုင်သတင်းစာတွေမှာ ထည့်သွင်းပြီး အကြံဉာဏ်တွေ ရယူသွားမယ်လို့လည်း ဦးအောင်နိုင်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေတို့ကို ပေါင်းစပ်ရေးဆွဲထားတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီဥပဒေမှာ နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသားတွေကို တန်းတူအခွင့်အရေးပေးထားပေမယ့် ငွေကြေးနဲ့ နည်းပညာ၊ မြေယာငှားရမ်းတာတွေမှာ နိုင်ငံသားတွေကို ဦးစားပေးထားပါတယ်။

နိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ မတည်ငွေရင်းနှီး ကြီးမားတဲ့ လုပ်ငန်းတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံလူထုအပေါ်သက်ရောက်တဲ့ လုပ်ငန်းတွေကို အစိုးရအဖွဲ့အတည်ပြုချက်နဲ့သာ ဆုံးဖြတ်နိုင်တာလည်းဖြစ်ပါတယ်။

လုပ်ငန်းအလိုက် ရင်းနှီးမြှုပ်နှံရမယ့် ကာလကို နှစ် ၃ဝ ကနေ နှစ် ၅ဝ အထိ ပြင်ဆင်သတ်မှတ်ထားပြီး ရင်းနှီးမြှုပ်နှံမှုအချိုးကိုတော့ နည်းဥပဒေမှာထည့်သွင်းမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။