ကိုးကန့် မော်ထိုက်ဒေသ နေရာအများစုကို ထိန်းချုပ်နိုင်ပြီလို့ MNDAA ပြော
2023.11.17

မြောက်ပိုင်း ညီနောင်သုံးဖွဲ့ အနေနဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မော်ထိုက်ရွာ မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နေရာအတော် များများကို ထိန်းချုပ်ထားနိုင်ခဲ့ပြီးလို့ MNDAA သတင်းပြန်ကြားရေးတာဝန် ခံလီကျားဝမ်က RFA ကို နိုဝင်ဘာလ ၁၇ ရက် ဒီနေ့ မွန်းလွဲပိုင်းက ပြောပါတယ်။
“၂၀၁၅ တိုက်ပွဲတုန်းက ကျွန်တော်တို့ မော်ထိုက်ဒေသမှာပါတဲ့ ခွန်အိုင်ဆိုတဲ့ ကျေးရွာအုပ်စု တစ်ခုကို လွတ်မြောက်နယ်မြေအဖြစ် တည်ထောင်နိုင်ခဲ့တယ်။ အခု အဲခွန်အိုင်ကနေ အရှေ့ကိုထပ်တိုးပြီး မော်ထိုက်ဒေသ တော်တော်များများကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ပြောလို့ရပါတယ်”
မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့အနေနဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကိုးကန့် ခုတ်ထန် ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ခန်းကို အချိန် ၇ နာရီကျော်ကြာ တိုက်ခိုက်ခဲ့ ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့မှာတော့ မော်ထိုက်ရွာအနီးက စစ်ကောင်စီတပ်စခန်းတွေနဲ့ လောက်မှူးကျူတောင်ကုန်း၊ မော်ထိုက် တလင်းကဲ တောင်ကုန်းမှာရှိတဲ့ စစ်ကောင်စီ ဗျူဟာကုန်းတွေကိုပါ တစ်ဆက်တည်း သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
မော်ထိုက်ရွာဟာ ကိုးကန့်ဒေသ ကုန်းကြမ်းမြို့နယ် အတွင်းမှာပါဝင်တဲ့ ကျေးရွာတစ်ခု ဖြစ်ပြီး လောက်ကိုင်မြို့အတွက် စစ်ရေးအရ အရေးပါတဲ့ ဒေသတွေဖြစ်ပါတယ်။
ဒါ့ကြောင့် လောက်ကိုင်ကို စစ်ရေးအရဖိအားပေးနိုင်ဖို့ လောက်ကိုင်အနီးက ဒေသတွေကို သိမ်းပိုက်နိုင်ရေး မြောက်ပိုင်းအဖွဲ့က ဦးစားပေးနေတာလို့ မြန်မာနိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရှမ်းမြောက်ဒေသ နမ့်ခမ်း၊ တာမိုညဲ၊ ဟိုပန်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ MNDAA တပ်ဖွဲ့တွေက Drop Bomb တွေနဲ့ လာရောက်တိုက်ခိုက်ခဲ့တာ ရှိတယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီ သတင်းစာတွေကနေ တစ်ဆင့်ပြောကြားထားပေမယ့် မော်ထိုက်ဒေသ တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကိုးကန့်ဒေသအတွင်းက စစ်ကောင်စီတပ်စခန်းတွေကို MNDAA နဲ့ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေသလို နမ့်ခမ်း၊ နောင်ချို မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ကြား ဒီနေ့အထိ တိုက်ပွဲတွေဖြစ်နေတယ်လို့ TNLA ဘက်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မြောက်ပိုင်း ညီနောင်သုံးဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ ၂၁ ရက်အတွင်း စစ်ကောင်စီရဲ့ တပ်စခန်း အသေးအကြီး စုစုပေါင်း ၁၅၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင် လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ဘက်က ပြောပါတယ်။