အိမ် ၅ဝဝ ပြောင်းရွှေ့ရေး အစီအစဉ် မော်ချီးဒေသခံတွေ ကန့်ကွက်


2016.06.08
mawche-resident-620.jpg ကယားပြည်နယ်၊ မော်ချီးသတ္တုတွင်းက နေအိမ် ၅၀၀ ကို ပြည်နယ်အစိုးရက ပြောင်းရွှေ့ပေးဖို့ စီစဉ်တာကို ဒေသခံတွေက ဇွန်လ ၈ ရက်နေ့က လက်မှတ်ရေးထိုး ကန့်ကွက်စဉ်
Photo: Ar Yone Oo Facebook

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးသတ္တုတွင်းမှာရှိတဲ့ ၁၃ ကုန်း၊ တောင်ပေါ်နဲ့ ၄၆ ရပ်ကွက်တွေက နေအိမ် ၅၀၀ ကို ပြည်နယ်အစိုးရက ပြောင်းရွှေ့ပေးဖို့ စီစဉ်တာကို ဒေသခံတွေက လက်မှတ်ရေးထိုး ကန့်ကွက်လိုက် ကြပါတယ်။

ပြောင်းရွှေ့ရမယ့် ရပ်ကွက်တွေထဲက ၁၃ ကုန်းရပ်ကွက်က ဒေသခံ ၁၅၀ ကျော် လက်မှတ်ရေးထိုးထားတဲ့ ကန့်ကွက်စာကို ပြည်ထောင်စုလွှတ်တော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တင်ပြသွား ဖို့ပြင်ဆင်နေတယ် လို့ ဒေသခံ ကိုအာရုဏ်ဦး က ပြောပါတယ်။

"လက်မှတ်ကတော့ ရပ်ကွက်အနေနဲ့ ကောက်တာပါ၊ ဒီမှာအစည်းအဝေး ခေါ်လိုက်တယ်၊ သူတို့ချမှတ်ပေးထားတဲ့ အိမ်ခြေ ၅ဝဝ နေရာမှာ ကျနော်တို့ ၁၃ ရပ်ကွက်အနေနဲ့ တစ်ယောက်မှ မနေထိုင်ဘူးလို့ အကုန်လုံးက တညီတညွှတ်ပြောကြတာပေါ့၊ အခုကျနော့်လက်ထဲမှာ လက်မှတ် ၁၅၇ ခုရှိပါတယ်၊ စုပြီးတော့ လွိုင်ကော်မှာ လှုပ်ရှားနေတဲ့အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ထိုးခိုင်းပါတယ်၊ ပြည်ထောင်စုလွှတ်တော်ကို တင်နိုင်အောင်ပါ"

ပြည်နယ်အစိုးရက အဲ့ဒီရပ်ကွက်တွေဟာ အန္တရာယ်ရှိတဲ့နေရာတွေမှာ ပါဝင်တယ်ဆိုပြီး အဲဒီနေရာနဲ့ ၄ မိုင်လောက်ဝေးတဲ့ ၄ ထပ်ကွေ့ဆိုတဲ့နေရာကို ပြောင်းရွှေ့ပေးဖို့စီစဉ်တာ ဖြစ်ပါတယ်။ ပြောင်းခိုင်းတဲ့နေရာ ဟာ နေဖို့သာအဆင်ပြေပြီး လုပ်ကိုင်စားသောက်ဖို့ စီးပွားရေးအတွက် အခက်အခဲတွေရှိတာကြောင့် ဒေသခံတွေက မပြောင်းရွှေ့လိုတာဖြစ်တယ်လို့ ပြောပါတယ်။

ဒေသခံတွေက မယ်စဲ့နဲ့ ဖားဆောင်းမြို့နယ်ကြား သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာ ပြောင်းရွှေ့နေထိုင်လိုတာဖြစ်ပြီး အစိုးရထံလည်း တင်ပြထားပါတယ်။

မော်ချီးသတ္တုတွင်းဒေသမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မိုးကြီးပြီး မြေပြိုခဲ့တာကြောင့် လူတွေသေဆုံးခဲ့သ လို တောင်ပေါ်၊ ၁၃ ကုန်း နဲ့ ၁၆ ကုန်းရပ်ကွက်တွေက ကျောင်းတွေကို မြေပြိုကျမှုဖြစ်ပြီးနောက်ပိုင်း ပိတ်ထားခဲ့တာကြောင့် လက်ရှိကျောင်းသား ၆၀၀ လောက် ကျောင်းတက်ဖို့ အခက်အခဲဖြစ်နေပါတယ်။

မော်ချီး ခဲသတ္တုတွင်းမှာ ရဲထွဋ်ကျော်နဲ့မြန်မာ့ဦးပိုင် ကုမ္ပဏီလီမိတက်တို့က သတ္တုတူးဖော်နေတာဖြစ်ပြီး ၁၃ ကုန်းရပ်ကွက်မှာ အနယ်နယ်အရပ်ရပ်က အလုပ်သမားတွေနဲ့ ဒေသခံတွေ ၁ ထောင်နီးပါး နေထိုင်နေကြပါတယ်။

ဒေသခံတစ်ဦးဖြစ်တဲ့ ကိုအာရုဏ်ဦး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။