ကုလအစီရင်ခံစာနဲ့ ပတ်သက်ပြီး စိစစ်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ် ဆိုတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မနေ့က ဖွဲ့စည်းလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာပါ အချက်တွေနဲ့ပတ်သက်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ စစ်ဆေးသွားမှာဖြစ်တယ် လို့ နိုင်ငံတော်သမ္မတ ဖွဲ့စည်းတာဝန်ပေးထားတဲ့ မောင်တောအကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးစောသလေးစော က ပြောပါတယ်။

"တပ်ပိုင်းဆိုင်ရာဆိုရင် တပ်ချုပ်ကြီးရဲ့ ထုတ်ပြန်ချက်နဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့တယ်။ အခု ဒီနေ့ဆိုလို့ရှိရင်လည်း ပြည်ထဲရေးက ဖွဲ့မယ်လို့ ကျနော်တို့ ကြားတယ်။ ဆိုတော့ ဒီအဖွဲ့အစည်းတွေ ကကျတော့ သူတို့မှာ လုပ်ထုံးလုပ်နည်းရှိထားပြီးသား အပေါ်မှာ သေသေချာချာ ပြန်လည် ပြီေးတာ့မှ စုံစမ်းစစ်ဆေးဖို့ အတွက်က သူတို့ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ လုပ်မယ်။ ကျနော်တို့အနေနဲ့က စောင့်ကြည့်တဲ့ အနေအထားမျိုးနဲ့ ပဲ သွားပါတယ်ခင်ဗျ။"

အဲဒီ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရဲရေးချုပ်ဖြစ်တဲ့ ရဲမှူးချုပ် ဝင်းထွန်း က ဥက္ကဌအဖြစ် ဦးဆောင်မှာ ဖြစ်ပြီး ရထားရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် နေဝင်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေထွန်း၊ စစ်တွေ သတင်းရဲတပ်ဖွဲ့ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး မောင်မောင်လွင်နဲ့ မှုခင်းရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးတို့ ပါဝင်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ ရဲတပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တာ တွေ့ရှိရင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူ သွားမယ်လို့လည်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တပ်မတော်ဘက်ကလည်း ကုလသမဂ္ဂရဲ့အစီရင်ခံစာနဲပတ်သက်ပြီး တပ်မတော်သားတွေ အမှန်တကယ် ကျူးလွန်ခဲ့တာ ရှိမရှိ စစ်ဆေးဖို့အတွက် စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဖေဖော်ဝါရီလ ၃ ရက်နေ့က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီအစီရင်ခံစာ မှာ မောင်တောဒေသက မွတ်ဆလင်တွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နှိပ်စက်ညှဉ်းပန်းတာတွေ အဓမ္မပြုကျင့်တာတွေ ရှိနေတယ်ဆိုပြီး ပါရှိတာဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မောင်တောဒေသ အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးကော်မရှင်ကလည်း ဖေဖော်ဝါရီလ ၉ ရက်နေ့ကစပြီး ရခိုင်ပြည်နယ် မောင်တောဒေ သမှာ ကွင်းဆင်းပြီး စုံစမ်းစစ်ဆေးမှု တွေ ပြုလုပ်နေပါတယ်။