မောင်တောမှာ ရိုဟင်ဂျာတွေ နေရာပြောင်း ဖို့ ငြင်းဆန်

0:00 / 0:00

မဟာစင် ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကနေ ဘေးလွတ်ရာရှောင်ရှားဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက လိုက်လံရွှေ့ပြောင်းပေးနေတာ ကို မောင်တောဒေသခံ ရိုဟင်ဂျာအများစုက ငြင်းဆန် တာတွေရှိတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက RFA ကို ထုတ်ဖော်ပြောဆိုပါတယ်။

“အဓိကက UN Agency တွေနဲ့ NGO အဖွဲ့တွေကနေပြီး အင်တာနက် သတင်းပေါ် မူတည်ပြီး မုန်တိုင်းက ဝေးသေးတယ် ဆိုပြီးတော့ သူတို့ကမပြောင်းတာပါခင်ဗျ၊ မုန်တိုင်းအန္တရာယ် ကာကွယ်မယ့် အိမ်ကြီးအိမ်ကောင်းတွေ ဗလီတွေ စာသင်ကျောင်းတွေ ဓမ္မာရုံတွေ ဘုန်းကြီးကျောင်းတွေ အဲဒီနေရာတွေကို မေယုတောင်ကြောရဲ့ တောင်ခြေနဲ့ကပ်တဲ့ ကျေးရွာတွေ ကို ရွေ့ခိုင်းထားပါတယ်၊ မရွေ့ဘူးလည်း မဟုတ်ဘူး၊ ထုပ်ပိုးပြင်ဆင်ပြီးတော့ အနီးကပ်မှရွေ့မယ်ဆိုတဲ့ သဘောပေါ့”

မုန်တိုင်းဒဏ်ကို အဓိကခံရနိုင်တဲ့ မောင်တောဒေသတောင်ပိုင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည်စခန်း ၄ ခုက အိမ်ထောင်စု ၁၆၃ စုကိုတော့ မေယုတောင်ခြေနားက ကန်သာယာစခန်းနဲ့ ဘုန်းကြီးကျောင်းတွေကို ပို့ဆောင်ပြီးဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာ လူဦးရေ ၈ သိန်းကျော်ရှိပြီး၊ အဲဒီထဲကရပ်ကွက်/ကျေးရွာအုပ်စု ၄၃ စုမှာ နေထိုင်တဲ့လူဦးရေ တစ်သိန်းခွဲကို မုန်တိုင်းဒဏ်ခံနိုင်မယ့်နေရာတွေကို ပြောင်းရွှေ့ဖို့ အမြန်စီစဉ်နေတယ်လို့ သိရပါတယ်။

ဒုက္ခသည်စခန်းတွေက ဒုက္ခသည် ငါးထောင့်တစ်ရာကျော်ကို အမြင့်ပိုင်းတွေဆီ ပြောင်းရွှေ့ပေးပြီးဖြစ်ကြောင်း အစိုးရ ရုပ်မြင်သံကြားက ကြေညာပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး Ashok Nigam ကတော့ အစိုးရက ဒုက္ခသည် သုံးသောင်းရှစ်ထောင်ကိုနေရာပြောင်းဖို့ စီစဉ်ထားပေမဲ့၊ ပြောင်းရွှေ့သင့်တဲ့ ဒုက္ခသည်ပေါင်း (၇) သောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်မှာရှိတဲ့ မူဆလင်ဒုက္ခသည်တွေကို မုန်တိုင်းရှောင်ဖို့အတွက် မြေပုံမြို့ပေါ်မှာရှိတဲ့ စည်ပင်သာယာရေးရုံးကို ပြောင်းရွှေ့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး မြို့ခံရခိုင်တိုင်းရင်းသား ၃၀၀ ကျော်လောက်က ဒီကနေ့ နေ့လည်ပိုင်းက မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကန့်ကွက်ရာမှာပါဝင်တဲ့ မြေပုံမြို့နယ် အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်တင်သိန်းက စည်ပင်ရုံးကို မူဆလင်တွေ အတွက် မုန်တိုင်းခိုလှုံမယ့် နေရာအဖြစ် နေရာချထားပေးမယ်ဆိုရင် မြို့ခံရခိုင်လူထုနဲ့ ပဋိပက္ခတွေ ထပ်မံ ဖြစ်ပွား လာနိုင်တဲ့အတွက် ကန့်ကွက်ရတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီအတွင်း တနင်္လာနေ့ညက ဘင်္ဂလားပင်လယ်အော်အတွင်း မူဆလင် တစ်ရာကျော် တင်ဆောင်လာတဲ့ လှေ တိမ်းမှောက်ခဲ့ပါတယ်။

အလောင်း (၈) လောင်းပြန်တွေ့ရပြီး၊ (၅၀) ကျော် ပျောက်ဆုံးနေတယ်လို့ ကုလသမဂ္ဂ ညှိနှိုင်းဆောင်ရွက်ရေးရုံးက ပြောပါတယ်။

မဟာစင်မုန်တိုင်းကို အကြောင်းပြုပြီး မုန်တိုင်းအမျိုးအစားတွေ၊ အမည်ပေးပုံနဲ့ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြီးတွေအကြောင်း ဦးသစ်ဆင်းက စုစည်းတင်ပြထားပါတယ်။