အချက်အလက်ပြည့်စုံတဲ့ ဒုက္ခသည်စာရင်း ၆၀၀ ကျော် တေ့ွရှိထား


2018.03.24
maungtaw-station-622.jpg ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့က လက်ခံရေးစခန်းကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ဘင်္ဂလားဒေ့ရှ်ကနေ ပေးပို့ထားတဲ့ နေရပ်ပြန်လာမယ့်သူစာရင်း ၈ထောင်ကျော်ထဲမှာ မြန်မာနိုင်ငံတွင်း နေထိုင်ခဲ့ ဖူးတဲ့ အထောက်အထားအချက်အလက် စစ်ဆေးတေ့ွရှိထားသူ လူဦးရေ ၆၀၀ ကျော် ရရှိထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဒီနေ့ ပြောပါတယ်။

လက်ရှိအချိန်အထိ နှစ်နိုင်ငံသဘောတူညီချက်နဲ့ လက်ခံနိုင်လောက်တဲ့ အချက်အလက်ပြည့်စုံတဲ့ ဒုက္ခသည်စာရင်း ၆၀၀ ကျော်လောက် တေ့ွရှိထားပြီလို့ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

"အခုတော့တဖြည်းဖြည်းနဲ့တော့ တောက်လျှောက်တော့ ကျနော်တို့ ပြီးသလောက်တင်တယ်ဆိုတော့ ၅၀၀ ကျော် ၆၀၀ ကျော်လောက်တော့ဖြစ်လာပြီ၊ နေ့စဉ် ကျနော်တို့က စစ်ပြီးသမျှတင်နေတာပေါ့၊ အဓိကဆိုးတာတော့ ဘင်္ဂလားဒေ့ရှ်ကစာရင်းက ကျနော်တို့ MOU ထိုးတုန်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ MOU ထိုးတုန်းက ပြည့်စုံတဲ့ ပုံစံနဲ့ ပေးပို့ဖို့ကို လျှောက်လွှာပုံစံကို MOU ထဲမှာ အတည်ပြုထားတာရှိတယ်လေ၊ အဓိကကအဲဒီမှာ လက်ဗွေနဲ့ တစ်ဦးချင်းဓာတ်ပုံပါရမှာပေါ့၊ အိုင်တီဆော့ဖ်ဝဲလ်ပညာနဲ့ ကျနော်တို့စစ်တာ မြန်မြန်ဆန်ဆန် ပြီးအောင်ပေါ့နော်၊ အခုသူတို့ပေးတာက ဗလာစာအုပ်စာရွက်ပေါ်မှာ လက်ရေးနဲ့ရေးပြီးတော့ မိသားစုဓါတ်ပုံပဲ ကပ်ပြီးပေးလိုက် တော့ ကျနော်တို့ ကွန်ပျူတာဆော့ဖ်ဝဲလ်တွေနဲ့ စစ်လို့ကမရဘဲနဲ့ တစ်ယောက်ချင်း CID က ရဲအရာရှိတွေနဲ့ လဝက ကျွမ်းကျင်တဲ့အရာရှိတွေနဲ့ မနည်းကို စစ်ထုတ်ရတဲ့ အနေအထားဆိုတော့ ပြီးစီးမှုက အင်မတန်ကို နှေးကွေးနေတဲ့ သဘောဖြစ်နေတာပေါ့၊ ပြီးစီးမှုကတော့ အခု ၆၀၀ ကျော်နီးပါးလောက်တော့ ရှိလာပါပြီ"

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းက အကြမ်းဖက်မှုတွေဖြစ်ခဲ့ပြီး ဒေသခံ ဟိန္ဒူဘာသာဝင် အနည်းငယ်နဲ့ သိန်းနဲ့ချီတဲ့ မွတ်စလင်တွေဟာ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး ခိုလှုံနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်နေတဲ့ အဲဒီ ဒုက္ခသည်တွေကို ဒီလ ၂၃ ရက်နေ့မှာ စတင်လက်ခံရမှာဖြစ်ပါတယ်။

အဲဒီ ဒုက္ခသည်တွေကို ငခူရနဲ့ တောင်ပြိုလက်ဝဲ တို့မှာ ဖွင့်လှစ်ထားတဲ့ ပြန်လည်လက်ခံရေး စခန်းတွေကတဆင့် လက်ခံမှာဖြစ်ပြီး နေရပ်ပြန်မပို့နိုင်ခင်မှာ လှဖိုးခေါင်ရွာမှာ တည်ဆောက်ထားတဲ့ ကြားစခန်းမှာ ယာယီထားရှိ မှာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရ်ှကနေ ပြန်လာမယ့် မွတ်စလင်တွေကို ပြန်လည်လက်ခံနိုင်ရေးအတွက် နှစ်နိုင်ငံ သဘောတူညီချက် အတိုင်း မြန်မာအစိုးရက ဆောင်ရွက်နေပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က သဘောတူညီချက်အတိုင်း ဆောင်ရွက်တာ မရှိတဲ့အတွက် အဟန့်အတားတွေဖြစ်နေရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်တွေနဲ့ တေ့ွဆုံစဉ် ပြောခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း သိရပါတယ်။

တစ်ဘက်နိုင်ငံကနေ ပြန်လာမယ့်သူတွေဟာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးသူ ဟုတ် မဟုတ်ဆိုတာကို ကွန်ပျူတာ စနစ်တွေသုံးပြီး တိတိကျကျဖြစ်အောင် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ယုံကြည်မှုရှိဖို့ လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။