စစ်တွေမှာ နေရပ်စွန့်ခွာ ထွက်ပြေးလာသူ ၄၀၀၀ ကျော်ရောက်ရှိ
2017.09.06

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားနေတဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက် မှုတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာသူ အရေအတွက်ဟာ ဒီနေ့အချိန်အထိ ၄၀၀၀ ကျော် ရှိလာနေပြီး ဘုန်းတော်ကြီးကျောင်းတွေမှာ ဖွင့်ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်း ၂၁ ခုမှာ နေရာချပေးထားရတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
အဲဒီ ဒုက္ခသည်တွေကို လတ်တလောမှာ ယာယီတဲစခန်းတွေ သီးသန့်ဆောက်လုပ်ပြီးထားဖို့ မဖြစ်နိုင်တာကြောင့် ဘုန်းတော်ကြီးကျောင်းတွေမှာ နေရာချထားပေးတာလို့ စစ်တွေမြို့မိမြို့ဖအဖွဲ့ဝင် စာရေးဆရာဂေါယာမြေစောဝင်းက ပြောပါတယ်။
"အခုလောလောဆယ်က မိုးတွင်းကာလလည်းဖြစ်နေတဲ့အတွက်ကို Camp ဆောက်ပြီးတော့ ရုတ်တရက် ကြီးထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ အဲ့တော့ အားကိုးရာဘုန်းကြီးကျောင်းတွေမှာပဲ တရားဝင်အစိုးရ အသိအမှတ်ပြုတဲ့စခန်းတွေအနေနဲ့ သတ်မှတ်လိုက်တာပေါ့။ ရေရှည်အတွက်ကျတော့ အခက်အခဲရှိနိုင် တယ်ဆိုတာတော့ ပြောထားတယ်ပေါ့လေ။ အစိုးရကတော့ အဲ့ဒါကိုတော့ ခေါင်းထဲမှာ နည်းနည်းထည့်ထား တဲ့ပုံတော့ ရှိပါတယ် ဝန်ကြီးတွေအနေနဲ့လည်း။ ဘုန်းကြီးကျောင်းတွေမှာတော့ ရေရှည်ထားဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး"
စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာသူတွေထဲမှာ ဌာနေရခိုင်တိုင်းရင်းသားတွေအပြင် ဟိန္ဒူ ဘာသာဝင်တွေ လည်း ပါဝင်ပြီး လိုအပ်တဲ့ စားနပ်ရိက္ခာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို စေတနာရှင်တွေနဲ့ အစိုးရဘက် ကပါ ကူညီပေးနေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားနေတဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက် မှုတွေကြောင့် ဘူးသီးတောင်၊ မောင်တောအပါအဝင် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက် ဦး၊ မင်းပြား စတဲ့မြို့နယ်တွေကို ထွက်ပြေးသူအရေအတွက်ဟာ စက်တင်ဘာ ၄ ရက်နေ့အထိ လူဦးရေနှစ်သောင်း ခြောက်ထောင်ကျော်ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက မနေ့က ထုတ်ပြန်ပါတယ်။
ဒီဖြစ်စဉ်တွေအတွင်း စက်တင်ဘာ ၄ ရက်နေ့အထိ မီးလောင်ဆုံးရှုံးခဲ့တဲ့ ကျေးရွာပေါင်း ၅၉ ရွာရှိပြီး အပြစ်မဲ့ပြည်သူ ၃၀ သေဆုံးခဲ့ရသလို လူ ၃၈ ဦးကို ဖမ်းဆီး ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။