မောင်တောမှာ စစ်ဆင်ရေးကာလအတွင်း မုဒိန်းကျင့်ခံရသည်ဟု ဆိုသူတွေကို အမှုဖွင့်ခွင့်ပြု
2017.03.31

ရခိုင်ပြည်နယ် မောင်တောဒေသမှာ စစ်ဆင်ရေးဆောင်ရွက်ခဲ့စဉ်အတွင်း မုဒိန်းကျင့်ခံခဲ့ရတယ် ဆိုတဲ့ ကျားခေါင်းတောင်ကျေးရွာက အမျိုးသမီး ၃ ဦးကို ငါးခူရ နယ်ခြားစောင့်ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းနိုင်ဖို့ အာဏာပိုင်တွေက ဆောင်ရွက်ပေးလိုက်ပါတယ်။
မနေ့က သတင်းမီဒီယာအဖွဲ့တွေနဲ့ တွေ့ဆုံစဉ်မှာ ကာယကံရှင် အမျိုးသမီး ၃ ဦးက ပြောကြားကြတဲ့အတွက် အမှုဖွင့်လိုတဲ့ဆန္ဒရှိလားလို့မေးမြန်းပြီး အမှုဖွင့်နိုင်အောင် ဆောင်ရွက်ပေးခဲ့တာလို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောပါတယ်။
"ဟုတ်ပါတယ် မနေ့က ကာယကံရှင်တွေက မီဒီယာတွေကိုပြောတဲ့အတွက် သက်ဆိုင်ရာရဲစခန်း ကို ခေါ်ပြီး သူတို့ ရပ်မိရပ်ဖတွေ ရပ်ကျေးဥက္ကဌတွေ အမျိုးသမီးအဖော်ပါတယ်၊ အမှုဖွင့်လိုလားမေးပြီး အမှုဖွင့်ဖို့ လုပ်ပေးတယ်၊ နောက်တစ်ယောက်က ကိုယ်ဝန်သည် ကျန်းမာရေးအရ မလာနိုင်တဲ့အတွက် ဒီနေ့ သူ့ရွာကိုသွားပြီး အမှုဖွင့်နိုင်ရေးဆောင်ရွက်ပေးထားပါတယ်"
မတ်လ ၃၀ ရက်နေ့ မနေ့က သတင်းမီဒီယာအချို့ ကျားခေါင်းတောင်ကျေးရွာကို အစိုးရအစီအစဉ်နဲ့ ရောက်ရှိ သတင်းယူစဉ် အမျိုးသမီးသုံးဦးက ဒီလို အဖြစ်ကြုံခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြပြီး အမှုဖွင့်လိုကြောင်း ပြော ကြားခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်း မောင်တောခရိုင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတွေကို တိုက်ခိုက်ပြီး လက်နက်တွေပါ လုယူခံလိုက်ရတဲ့ အကြမ်းဖက်မှုကို နှိမ်နင်းခဲ့စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မုဒိန်းမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အများအပြားရှိနေပေမယ့် တရားဝင် အမှုဖွင့်တိုင်တန်းမှု သုံးကြိမ်သာ ရှိပါတယ်။
ယခုအမျိုးသမီးသုံးဦး မတိုင်မီကလည်း ဦးရှည်ကြားကျေးရွာက မုဒိန်းမှုတစ်ခုကို ရဲတပ်ဖွဲ့ထံ အမှုဖွင့် တိုင်ကြားထား တာရှိတယ်လို့ သိရပါတယ်။