မိုင်းဆွဲတိုက်ခိုက်ခံရလို့ တပ်မတော်သား ၆ ဦး ဒဏ်ရာရ
2018.01.05

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုကနေ မောင်တောမြို့ဘက်ကို တပ်မတော်သားတွေ စီးနင်းလာတဲ့ကားဟာ ဒီနေ့မနက်က တရိမ်းကျေးရွာနဲ့ ကျွန်းပေါက်ကျေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ အတွက် ဗိုလ်ကြီးတစ်ဦး အပါအဝင် တပ်မတော် သား ၆ ဦးနဲ့ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ တရိမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင် ကပြောပါတယ်။
"၉ နာရီ ၂ဝ လောက် တောင်ပြိုက တပ်ကအဖွဲ့ ထရိမ်းနဲ့ ၃ မိုင်အကွာမှာ ကျွန်းပေါက်နဲ့ ထရိမ်းကျေးရွာကြား ကားလမ်းမှာ အကြမ်းဖက်အဖွဲ့တွေက ဆွဲမိုင်ထောင်ပြီး မိုင်ဆွဲတော့ ကားတာယာပေါက်သွားတယ်၊ ပေါက်သွားတဲ့အချိန်မှာ သူတို့က လက်နက်နဲ့လှမ်းပြီးတော့ပစ်တယ်၊ တပ်က ကားမောင်းသမား အပါအဝင် ၇ ယောက် ဒဏ်ရာရတယ်၊ ဗိုလ်ကြီး တစ်ယောက်ပါတယ်၊ ဒဏ်ရာရတာမှာ၊ အခု တပ်အဖွဲ့တွေလည်း အဲဒီဘက်မှာ လောလောဆယ် နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်"
ဒီနေရာအနီးတဝိုက်မှာ ARSA အကြမ်းဖက်သမားတွေ ဝင်ရောက်မှုတွေရှိနေတယ်လို့ သတင်းပေါ်ထွက်မှုတွေ ရှိနေပေမယ့် ဒီနေ့ မိုင်းဆွဲတိုက်ခိုက်သူတွေဟာ ဘယ်သူဘယ်ဝါလို့ တိတိကျကျပြောဆိုနိုင်ခြင်း မရှိသေးဘူးလို့ တရိမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင်က ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် ပစ်ခတ်မှုတွေဟာ ဆယ့်ငါးမိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရတဲ့ တပ်မတော်သားတွေကို ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့တပ်မတော်သားတွေဟာ ခလရ(၂၃၄) တပ်ကဖြစ်ပြီးတော့ အကြမ်းဖက်တိုက်ခိုက်သူတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိတာတော့ မရှိသေးဘူးလို့ သိရပါတယ်။