ဒုသမ္မတ ဦးဆောင်တဲ့ ကော်မရှင် အစီရင်ခံစာ တင်ပြဖို့ရက် တိုးမြှင့်သတ်မှတ်
2017.01.31

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ဒီနေ့ တင်ပြရမယ့် ဒု-သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာကို သမ္မတအမိန့်နဲ့ နောက်ထပ် ရက်တိုးသတ်မှတ်ပေးလိုက် ပါတယ်။
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်အသစ်တွေ ထူးခြားချက်အသစ်တွေ ထပ်ပေါ်ပေါက်နေတာကို ဆက်လက်စုံစမ်းစစ်ဆေးဖို့ ရှိနေသေးတာကြောင့် ရက်တိုးမြှင့်လိုက်တာလို့ ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော က ပြောပါတယ်။
''ခုနောက်ပိုင်းမှာ စွပ်စွဲချက်တွေက အသစ်ထပ်ပေါ်လာတယ်၊ ထူးခြားချက်တွေလည်း တချို့ပေါ်လာ တာရှိတဲ့အခါမှာကျတော့ အဲဒါတွေကို ထပ်စုံစမ်းဖို့လိုအပ်သေးတယ်၊ မပြည့်စုံမှာစိုးရိမ်တဲ့အတွက် ဒါကို ထပ်တိုးလိုက်တာပါခင်ဗျ''
အစီရင်ခံစာ အပြီးသတ်တင်ပြရမယ့်ရက်ကို အတိအကျသတ်မှတ်ထားတာ မရှိသေးသလို မောင်တောဒေသ ကို နောက်ထပ်ကွင်းဆင်းစစ်ဆေးဖို့အတွက်လည်း ဆွေးနွေးရဦးမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က အဲဒီကော်မရှင်ကို သမ္မတဦးထင်ကျော်က ဖွဲ့စည်းပေးခဲ့ပြီး ဒုသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ကာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တချို့ ပါဝင်ကြပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဇန်နဝါရီလ ၃၁ ရက် ဒီနေ့မှာ နိုင်ငံတော်သမ္မတထံ အပြီးသတ် အစီရင်ခံစာကို တင်ပြရမယ်လို့ အရင်က သတ်မှတ်ခဲ့တာဖြစ်ပါတယ်။