မောင်တောကို စစ်ဆင်ရေးဒေသအဖြစ် သတ်မှတ်
2017.09.04
အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို စစ်ဆင်ရေးဒေသအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးက ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တင်ပြချက်ကို အစိုးရအဖွဲ့က ခွင့်ပြုပြီး သတ်မှတ်ပေးတာလို့ ဗိုလ်ချုပ် အောင်ရဲဝင်းက ပြောပါတယ်။
"သူ့လုပ်ထုံးလုပ်နည်းအရ ကိုယ်တို့ဘက်က ဖြစ်သင့်တာတို့ ဘာတို့စဉ်းစားပြီး တင်ပြရတာပေါ့ သတ်မှတ် တာကတော့ အစိုးရဘက်က သတ်မှတ်တာပါ"
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက ရဲကင်းစခန်း ၃၀ ကို ပြီးခဲ့တဲ့ သြဂုတ် လ ၂၅ ရက်နေ့မှာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ သတ်ဖြတ်ခံရမှုတွေရှိနေပြီး နေ့စဉ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
လက်ရှိမှာ ကယ်ဆယ်ရေးစခန်းတွေအနေနဲ့ ဘူးသီးတောင်မှာ ၁၁ ခု၊ မောင်တောမြို့မှာ ၆ ခုနီးပါးနဲ့ စစ်တွေမြို့မှာလည်း ၆ ခုလောက်ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။