ကဗျာဆရာ မောင်ဆောင်းခ အပေါ် ပုဒ်မ ထပ်တိုး
2015.12.17

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးခံထားရတဲ့ ကဗျာဆရာမောင်ဆောင်းခ (ခေါ်) ကိုအောင်စည်သူ ကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် တရားရုံးမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။
ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသိန်းဝင်းက တရားလိုလုပ်ပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ ထပ်မံအမှုဖွင့်တာကို တရားရုံးက ဒီကနေ့ လက်ခံလိုက်တယ်လို့ မောင်ဆောင်းခရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
"ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသိန်းဝင်းက မောင်ဆောင်းခကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅ဝ၅(ခ)အရ အရေးယူပေးဖို့ လျှောက်ထားတယ်၊ ဒီနေ့စတင်ပြီးတော့ ရုံးမှာလက်ခံဆောင်ရွက်ပါတယ်၊ ပုဒ်မကတော့ နိုင် ငံတော် အစိုးရကို အကြည်အညိုပျက်စေလိုတဲ့ သဘောမျိုးပေါ့"
ကဗျာဆရာ မောင်ဆောင်းခဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ထိခိုက်တဲ့ ကဗျာရေးသားပြီး Facebook စာမျက်နှာမှာ တင်ခဲ့တာကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာ တစ်လခွဲဝန်းကျင်ရှိပြီဖြစ်ပါတယ်။
ကဗျာဆရာ မောင်ဆောင်းခ အပြင် ဦးပက်ထရစ်ခွန်ဂျာလီနဲ့ မချောစန္ဒီထွန်း တို့ကိုလည်း နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို ထိခိုက်စေတဲ့ ဓာတ်ပုံနဲ့ စာသားတွေFacebook လူမှုကွန်ရက်မှာ တင်ခဲ့တယ်ဆိုတဲ့ စွဲဆိုချက်တွေနဲ့ ဖမ်းဆီးခံထားရပါတယ်။
ကဗျာဆရာ မောင်ဆောင်းခရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင် ကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
အင်တာနက်လူမှုစာမျက်နှာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓါတ်ပုံကို ခြေဖြင့်နင်းတဲ့ပုံကို ဖြန့်ဝေတဲ့ အမှုနဲ့ အဖမ်းခံနေရတဲ့ ပက်ထရစ်ခွန်ဂျာလီအပေါ် တရားရှင်လွှတ်ပေးဖို့ တင်ပြချက်ကို တရားရုံးက ပယ်ချလိုက်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ဦးခွန်ဂျာလီရဲ့ရှေ့နေ ဦးLခွန်ရိန်ပန်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။