ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အသစ် ပြည်နယ် လွှတ်တော် အတည်ပြု


2014.06.30

အစိုးရဆိုတာ လူထုရဲ့လိုအပ်ချက်ကို သိအောင်ကြိုးစား ပြီး အကောင်အထည်ဖော်ပေးရတာဖြစ်ကြောင်း မိမိ အနေနဲ့ အပြောမဟုတ်ဘဲ အလုပ်နဲ့သက်သေပြသွား မှာဖြစ်ကြောင်း  ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အသစ်အဖြစ် တာဝန်ယူလိုက်တဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းက ပြော ကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ကနေ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီးနောက် ဒီနေ့ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

"အစိုးရဆိုတာကတော့ လူထုရဲ့လိုအပ်ချက်ကို သိအောင်ကြိုးစားပြီးလုပ်နေဖို့ တာဝန်ရှိတယ်၊ ကျနော်တို့က အစည်းဝေးတွေ ထိုင်တာလည်း ထိုင်ရမှာပဲ၊ သို့သော်လည်း အစည်းဝေးတွေမှာ အချိန်ကုန်ပြီးတော့ မြေပြင်မှာ တကယ်အကျိုးမရှိတာတွေ ကျနော်မလိုလားပါဘူး၊ ကျနော်ကတော့ တိတိကျကျပဲလုပ်ပါ့မယ်၊ ပြောရင်ပြောတဲ့အတိုင်းပဲလုပ်ပါ့မယ်၊ ရခိုင်ပြည်သူအပေါင်းကို ကျနော်ဝန်ကြီးချုပ်အဖြစ် အတည်ပြုတဲ့အခါမှာ ပထမဆုံးပြောတဲ့စကားကတော့ ကျနော့်ကို ယုံကြည်ပေးပါ၊ စောင့်ကြည့်ပါ၊ ဝေဖန်ပါ၊ ပြီးရင် ကျနော့်ကို အကြံပြုပါ၊ ကျနော် ရခိုင်တိုင်းရင်းသားအားလုံးရဲ့ အမျိုးသားအကျိုးစီးပွားကို ကျနော်အတတ်နိုင်ဆုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားပါမယ်လို့ ကျနော်ပြောကြားလိုပါတယ်"

ဒါ့အပြင် ရခိုင်တိုင်းရင်းသားတွေ လိုလားနေတဲ့ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအတိုင်း ရခိုင်ပြည်နယ်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီး အကောင်အထည်ဖေါ်သွားမယ်လို့လည်း ကတိပေးလိုက်ပါတယ်။

ဗိုလ်ချုပ်မောင်မောင်အုန်းကို လစ်လပ်နေတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာမှာ အစားထိုးခန့်အပ်ဖို့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကကျင်းပတဲ့ အရေးပေါ် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး ပထမနေ့မှာ နိုင်ငံတော် သမ္မတက အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်က အခုလို ဗိုလ်ချုပ်မောင်မောင်အုန်းကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အတည်ပြုပြီးနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဆက်လက်အတည်ပြုရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။